အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခယ်လ် အာတီတာက သူနဲ့အတူ မန်ချက်စတာ စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂျာမနီ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဆာနေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ Sky Sports Germany ကနေ ဖော်ပြလာခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာတော့ ဗဟိုခံစစ်ရော ဘယ်ခြမ်းခံစစ်မှာပါ ကစားနိုင်တဲ့ အီတလီ ခံစစ်ကစားသမားလေး ရီကာဒို ကာလာဖီအိုရီကို တရားဝင် ခေါ်ယူလိုက်နိုင်တာကြောင့် တခြားလိုအပ်နေတဲ့ နေရာတွေအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို ဆက်တိုက် လုပ်ဆောင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Just Arsenal
လက်ရှိမှာတော့ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု လုပ်ဆောင်ဖို့ ရှိနေသလို တိုက်စစ်ပိုင်းအတွက်ကိုလည်း ပစ်မှတ်ဟောင်း ဗစ်တာ အိုဆီမန်နဲ့ ဆွေးနွေးမှုတွေ ပြန်လည် လုပ်ဆောင်သွားဖို့ ရှိနေတဲ့အပြင် ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဆာနေးကိုပါ ပစ်မှတ်ထားမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
တကယ်တော့ အာဆင်နယ်က အထောင်တိုက်စစ်နေရာအတွက်သာ ကစားသမား လိုအပ်တာ ဖြစ်ပေမယ့် တောင်ပံနေရာမှာတော့ ဆာကာ မာတင်နယ်လီ ထရော့ဆက်တို့ ရှိနေတဲ့အတွက် တောင်ပံကစားသမား မလိုအပ်ပေမယ့် အသင်းရဲ့ ကစားသမား အစုအဖွဲ့ကို ပိုမို တောင့်တင်းလာစေဖို့အတွက် ဆာနေးလို quality player မျိုးကို အလိုရှိလာတာ ဖြစ်ပါတယ်။
Photo Credit : Evening Standard
အသက် (၂၈)နှစ်အရွယ် ညာတောင်ပံကစားသမား ဆာနေးဟာ ဘယ်တောင်ပံရော ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်ပိုင်းအထိ လိုက်ပါကစားနိုင်သူဖြစ်ပြီး ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းက (၁)နှစ်တည်းသာ ကျန်ရှိနေတော့တဲ့အချိန် အသင်းနဲ့ သက်တမ်းတိုးချင်နေပေမယ့် ဘိုင်ယန်နဲ့ ဆာနေးတို့ကြား စာချုပ်သစ်ကိစ္စနဲ့ ဘာသဘောတူညီမှု မရှိသေးတာမို့ ဒီအခြေအနေကို အာဆင်နယ်ဘက်က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကတော့ သူနဲ့အတူ မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆာနေးကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်သွားဖို့ ပစ်မှတ်ထားနေခဲ့တာ ကြာပြီဖြစ်ပေမယ့်လည်း အာဆင်နယ်က ကွင်းလယ်ပိုင်းကို ပိုမို အာရုံစိုက်ပြီး ဖြည့်တင်းရဦးမှာဖြစ်လို့ ဇူဘာမန်ဒီ ဖေဘီယန်ရုစ်ဇ်နဲ့ မယ်ရီနိုတို့ထဲက တစ်ဦးဦးကိုသာ ခေါ်ယူသွားရနိုင်ပါတယ်။