ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် အတွက် ဒေါ့မွန်ရဲ့ လူငယ်ကြယ်ပွင့် ဂျေမီ ဘိုင်နိုး-ဂစ်တန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဂျာမဏီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လက်တကမ်း အကွာကို ရောက်ခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်ရဲ့ အမှတ်​ပေးဇယားကို မြို့ခံပြိုင်ဘက် စပါးနဲ့အတူ ဦးဆောင်ထားနိုင်ပါတယ်။

Photo Credit: Standard

အာဆင်နယ်က ရလဒ်ကောင်းတွေ ဆက်တိုက် ရနေပေမယ့် ဒီရာသီမှာ ဖလားပြိုင်ပွဲ ၄ခု အထိ ယှဉ်ပြိုင် ကစားရဖို့ ရှိနေတာကြောင့် အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် ဆောင်းဈေးကွက်မှာ အသင်းရဲ့ ကစားသမား အင်အားကို မြှင့်တင်ဖို့ စီစဉ်နေပါတယ်။

လက်ရှိ အာဆင်နယ်ရဲ့ လူစာရင်းမှာ တိုက်စစ်ပိုင်းက အားအနည်းဆုံး အနေအထားမှာ ရှိနေပြီး အာဆင်နယ်က အထောင်တိုက်စစ် နေရာမှာ ဂျေဇူးနဲ့ အန်ခီးတီးယားတို့ ၂ဦးထဲကိုသာ ပိုင်ဆိုင်ထားသလို တောင်ပံတိုက်စစ် နေရာမှာလည်း ဆာကာ ၊ မာတီနယ်လီနဲ့ ထရော့ဆက်တို့ ၃ဦးထဲကိုသာ ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Metro

နာမည်ကြီး ဂျာမဏီသတင်းဌာန တခု ဖြစ်တဲ့ BILDရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဒေါ့မွန်ရဲ့ လူငယ် တောင်ပံကစားသမား ဂျေမီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒေါ့မွန်ကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို အလွယ်တကူ လက်လွှတ်ဖွယ် မရှိကြောင်း သိရပါတယ်။

အသက် ၁၉နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ဂျေမီက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ပါတယ်။