ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ အီဒူးက သူတို့ရဲ့ ကာလရှည်ပစ်မှတ် ဖြစ်သူ ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို မြို့ခံပြိုင်ဘက် ချယ်လ်ဆီးဆီ လက်လွှတ်ခဲ့ရပြီးနောက် သူတို့ရဲ့ ပစ်မှတ်ဟောင်း တဦး ဖြစ်သူ ဘာစီလိုနာ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ပြောင်းလဲ ခေါ်ယူရန် စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Standard သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အီဒူးရဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်သလို ချန်ပီယံဆုကို မျှော်လင့်လို့ ရတဲ့ အနေအထားမျိုး ရောက်နေပေမယ့် သူတို့ရဲ့ ကစားသမား အင်အားဟာ အတော်လေးကို နည်းပါးနေပြီး တောင်ပံတိုက်စစ်မှာလည်း ဆာကာနဲ့ မာတီနယ်လီတို့ နှစ်ဦးထဲကိုသာ အားကိုးနေရပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းအတွက် အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦးကို မဖြစ်မနေ ခေါ်ယူဖို့ ဆုံးဖြတ်ထားကြပြီး အာဆင်နယ်က ယူကရိန်း တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ်ကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ပေမယ့် မူဒရစ်ခ်ရဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကို မပေးနိုင်တာကြောင့် မူဒရစ်ခ်ကို လက်လွှတ်ခဲ့ရပါတယ်။

မူဒရစ်ခ်ကို လက်လွှတ်ခဲ့ရပြီးနောက် အီဒူးက ချက်ချင်းဆိုသလိုပဲ သူတို့ရဲ့ ပစ်မှတ် ကစားသမားဟောင်း တဦး ဖြစ်သူ ဘာစီလိုနာကြယ်ပွင့် ရာဖင်ဟာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ကင်ဆယ်လာက ဆိုပါတယ်။

 

Photo Credit: Team Talk

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာက ယခုနှစ် ဘောလုံးရာသီ အစကမှ လိဒ်ယူနိုက်တက် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာမှာ မှန်းထားသလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခြင်းတော့ မရှိပါဘူး။

ဒါကြောင့် အီဒူးက ရာဖင်ဟာကို ဘာစီလိုနာကနေ ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘာစီလိုနာကလည်း သူတို့အသင်းမှာ ထင်ထားသလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခြင်း မရှိတဲ့ ရာဖင်ဟာကို ပြန်လည် ရောင်းချဖို့ စဉ်းစားနေကာ ရာဖင်ဟာအတွက် သူတို့အသင်းရဲ့ ဝယ်ဈေးဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ရရှိမယ် ဆိုရင် ရာဖင်ဟာကို ရောင်းချနိုင်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။