အာဆင်နယ်အသင်းဟာ မကြာခင်မှာ ယှဉ်ပြိုင်သွားတော့မယ့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်အတွက် ကစားသမားစာရင်း ထုတ်ပြန်ရာမှာ ဒဏ်ရာရ ကစားသမားဖြစ်သူ ဂျုလီယန် တင်းဘားလည်း ထည့်သွင်း ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

နယ်သာလန် လက်ရွေးစင် နောက်ခံလူ တင်းဘားဟာ ပြောင်းရွှေ့ကြေး ပေါင် (၃၄)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အာဆင်နယ်အတွက် နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပါဝင်ကစားရင်း ဒူးအရွတ်စုတ်ပြဲတဲ့ ACL Injury ကို ရရှိသွားခဲ့ရပါတယ်။

Photo : Goal

ACL ဆိုတာက ဘောလုံးသမားတိုင်းအတွက် အိမ်မက်ဆိုးကြီးတစ်ခုလို ဖြစ်စေရတဲ့ ဒဏ်ရာဆိုးကြီးဖြစ်ပြီး တင်းဘားလည်း ဒီဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရသလို အာဆင်နယ်ရဲ့ ပွဲစဉ် အမြောက်အများကိုပါ လွဲချော်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကတည်းက အနားယူနေရတဲ့ တင်းဘားဟာ အခု ဖေဖော်ဝါရီလထဲမှာပဲ ဒဏ်ရာ သက်သာပျောက်ကင်းလာဖို့ ရှိနေတဲ့အတွက် အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကစားသမားစာရင်းမှာပါ တင်းဘားကို ထည့်သွင်းလာခဲ့တာ ဖြစ်ပါတယ်။

Photo : Arsenal FC

အာဆင်နယ်က လာမယ့် (၂၂)ရက်နေ့မှာပဲ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ကို ဆင်နွဲရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ လာမယ့် မတ်လ (၁၃)ရက်နေ့ အိမရိတ်ဒ်ကွင်းမှာ ကစားသွားရပါမယ်။ တင်းဘားကတော့ အဲ့ဒီ ဒုကျော့ပွဲလောက်ကို ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

အာဆင်နယ်ဟာ တင်းဘားအပြင် အသင်းမှာ အနာဂတ် အခြေအနေ မရေမရာ ဖြစ်နေတဲ့ ကွင်းလယ်ကစားသမား သောမတ်စ် ပါတေးကိုလည်း အသင်းရဲ့ ချန်ပီယံလိဂ် ကစားသမားစာရင်းထဲမှာပါ ထည့်သွင်းခဲ့ပြန်ပါတယ်။