အာဆင်နယ်အသင်းဟာ လာမယ့်နွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် အေစီမီလန်အသင်းရဲ့ ပေါ်တူဂီ တိုက်စစ်ကြယ်ပွင့် ရာဖယ်လ် လီယာအိုကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပြီး လီယာအို အေးဂျင့်နဲ့ပါ ဆက်သွယ်ထားသေးတယ်လို့ ပေါ်တူဂီ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့အတွက် တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိနေပြီး လက်ရှိမှာလည်း မီလန်က ပေါ်တူဂီ ကြယ်ပွင့် တောင်ပံတိုက်စစ် ကစားသမား လီယာအိုနဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : TEAMtalk

အသက် (၂၄)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ဘယ်တောင်ပံ တိုက်စစ်ကစားသမား လီယာအိုဟာ မီလန်ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီ မစတင်ခင်မှာလည်း ၂၀၂၈ခုနှစ်အထိပါ စာချုပ်သက်တမ်း တိုးမြှင့်ထားပါသေးတယ်။

လီယာအိုဟာ ဘယ်တောင်ပံအပြင် အထောင်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေအထိပါ လိုက်ပါကစားနိုင်ပြီး အခုလက်ရှိမှာလည်း မီလန်အတွက် (၂၀၁)ပွဲအထိ ပါဝင်ကစားထားခဲ့ရင်း (၅၅)ဂိုးသွင်း (၄၈)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ လီယာအိုကို အေစီမီလန်ဘက်က စာချုပ်လျော်ကြေးအဖြစ် ယူရို (၁၇၅)သန်းအထိ သတ်မှတ်ထားပေမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ လီယာအိုလို ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦးကို အလိုရှိနေသလို ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

တကယ်တော့ အာဆင်နယ်ရဲ့ ဘယ်တောင်ပံအခြမ်းမှာ မာတင်နယ်လီ ထရိုဆက်ဒ်တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့်လည်း လီယာအိုက တိုက်စစ်နေရာအစုံ ကစားနိုင်သူမို့ ခေါ်ယူချင်နေတာဖြစ်ပြီး အသင်းအများအပြားက စိတ်ဝင်စားနေတာနဲ့ ပြောင်းရွှေ့ကြေး မြင့်မားနေတာက အခက်အခဲ ဖြစ်လာနိုင်ပါတယ်။