အာဆင်နယ်အသင်းဟာ ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ ကွန်စတန်တီနို့စ် ကာရက်ဆက်စ်ကို ပေါင်(၃၈)သန်းနဲ့ ခေါ်ယူဖို့ အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအပြောင်းအရွှေ့သာ အောင်မြင်ခဲ့မယ်ဆိုရင် အာဆင်နယ်ဟာ ဂရိမက်ဆီလို့ တင်စားခံထားရတဲ့ အံ့အားသင့်ဖွယ် ကစားသမားတစ်ဦးကို ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီလို ကစားသမားတစ်ဦးနဲ့ နှိုင်းယှဉ်ခံရတဲ့သူကို ခေါ်ယူဖို့ဆိုတာ နေ့တိုင်းဖြစ်နေကျကိစ္စမဟုတ်ပေမယ့် အာဆင်နယ်ကတော့ ဒီကိစ္စကို လက်တွေ့အကောင်အထည်ဖော်ဖို့ နီးစပ်နေပါပြီ။ အသက်(၁၇)နှစ်သာရှိသေးတဲ့ ကာရက်ဆက်စ်ကို ခေါ်ယူဖို့အတွက် အာဆင်နယ်ဟာ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်နဲ့ အပြောင်းအရွှေ့ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit : Greek City Times

ကာရက်ဆက်စ်ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျန့်ခ်မြို့မှာ မွေးဖွားခဲ့ပြီး နိုင်ငံတကာအဆင့်မှာ ဘယ်လ်ဂျီယံ ယူ-၂၁ အသင်းအထိ ကိုယ်စားပြုကစားခဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့မိဘနှစ်ပါးဟာ ဂရိနိုင်ငံမြောက်ပိုင်းက ဖြစ်တာကြောင့် ဂရိဘောလုံးအဖွဲ့ချုပ်က သူ့ကို စောင့်ကြည့်နေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ဂရိနိုင်ငံအတွက် ကစားပေးလိုတဲ့ ဆန္ဒရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လက စကော့တလန်နဲ့ ကစားမယ့် Nations League ပွဲစဉ်မတိုင်မီမှာ FIFA က နိုင်ငံသားခံယူမှု အပြောင်းအလဲကို အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဂရိလက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီး “တကယ်လို့ ဘယ်လ်ဂျီယံကို ရွေးခဲ့ရင်တောင် စိတ်ထဲမှာ ဂရိနိုင်ငံက အမြဲရှိနေမှာပါ” လို့ သူက ဝန်ခံပြောကြားခဲ့ပါတယ်။

ဂရိအတွက် ဒုတိယမြောက်ပွဲထွက်ခွင့်ကတော့ သူ့အတွက် အမှတ်တရဖြစ်စေခဲ့ပါတယ်။ စကော့တလန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဂရိအတွက် ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကို League A အဆင့်ဆီ တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်အပြီး ကလပ်အသင်း ဂျန့်ခ်အတွက် ပထမဆုံးပြန်ကစားတဲ့ပွဲမှာလည်း ချက်ချင်းဂိုးသွင်းယူနိုင်ခဲ့ပြီး ရာသီကုန်အထိ အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် နေရာဆက်ရခဲ့ပါတယ်။

Photo Credit : The Irish Independent

အဓိကအားဖြင့် ကွင်းလယ်တိုက်စစ် ကစားသမားတစ်ဦးဖြစ်တဲ့ ကာရက်ဆက်စ်ဟာ သူ့ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ ဘောလုံးဆွဲပြေးမှုတွေနဲ့ ဖန်တီးနိုင်စွမ်းတွေကြောင့် မက်ဆီနဲ့ နှိုင်းယှဉ်ခံနေရတာပါ။ ဘာစီလိုနာဂန္တဝင်ကစားသမား မက်ဆီလိုပဲ ကာရက်ဆက်စ်ဟာ ညာတောင်ပံကနေ အတွင်းကိုချိုးဝင်ပြီး သူ့ရဲ့ အားသာချက်ဖြစ်တဲ့ ဘယ်ခြေနဲ့ နောက်ခံလူတွေကို လှည့်စားကစားရတာကို နှစ်သက်ပါတယ်။

ဆယ်ကျော်သက်အရွယ် ဒီကစားသမားဟာ ဘာစီလိုနာရဲ့ နောက်ထပ် အကျော်အမော်တွေဖြစ်တဲ့ ရော်နယ်ဒင်ဟိုနဲ့ နေမာတို့ရဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့သူဖြစ်ပြီး ဒါက သူ့ရဲ့ကစားဟန်ကို လွှမ်းမိုးမှုရှိစေခဲ့ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက မန်စီးတီး အေစီမီလန်နဲ့ လိုက်ပ်ဇစ်တို့လို အသင်းကြီးတွေက ကာရက်ဆက်စ်ကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ ဗိုင်းယို့စ်က ဘယ်လ်ဂျီယံသတင်းဌာနတစ်ခုကို “ပြည်ပကိုပြောင်းရွှေ့ဖို့ စောလွန်းသေးတယ်လို့ ကျွန်တော်တို့ထင်ခဲ့တယ်။ လိုက်ပ်ဇစ် မီလန် နောက်ပြီး မန်စီးတီးတို့ကတောင် လာကြည့်ဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲ့ဒါကိုမကြိုက်ခဲ့ဘူး” လို့ ပြောခဲ့ပါတယ်။