အခုနှစ် ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာရော ဆောင်းဈေးကွက်မှာပါ အာဆင်နယ်အသင်း ခေါ်ယူဖို့ အမှန်အကန် ကြိုးစားခဲ့ရတဲ့ ရှက်တာဒိုးနက် တောင်ပံကစားသမားလေး မာဒရစ်ခ်ဟာ ဒီရက်ပိုင်းလေးအတွင်းမှာပဲ အာဆင်နယ်ရဲ့ မြို့ခံအသင်း ချယ်လ်ဆီးဆီ ရောက်ရှိသွားခဲ့တာကြောင့် အာဆင်နယ်ဘက်က နောက်ထပ် ကစားသမားတစ်ဦးအနေနဲ့ လေဗာကူဆင်အသင်းရဲ့ တောင်ပံကစားသမား မူဆာဒီယာဘီကို စတင် ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Youtube

အာဆင်နယ်အသင်းဟာ ယူကရိန်းလက်ရွေးစင် ကစားသမား မာဒရစ်ခ်ကို အသင်းဆီ ခေါ်ယူချင်ခဲ့သလို ကစားသမားကလည်း အာဆင်နယ်ကို ရောက်လာချင်ပေမဲ့ အာဆင်နယ်က မာဒရစ်ခ်အတွက် သတ်မှတ်ထားတဲ့ တန်ကြေးအတိုင်း မကမ်းလှမ်းခဲ့လို့ နောက်ကောက်ကျခဲ့ရပြီး ချယ်လ်ဆီးက ကြားဖြတ် ခေါ်ယူသွားခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ အခု ဈေးကွက်မပိတ်သိမ်းခင်မှာပဲ တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးကို အရ ခေါ်ယူဖို့အတွက် လက်ရှိမှာ လေဗာကူဆင်ရဲ့ ဘယ်တောင်ပံကစားသမား ဒီယာဘီကို ဆက်သွယ်လာခဲ့ပါတယ်။

Photo Credit : Sports Illustrated

အသက်(၂၃)နှစ်အရွယ်ရှိ ဒီယာဘီဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ (၈)ပွဲထိ ပါဝင်ထားခဲ့ဖူးသလို လေဗာကူဆင်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဒီယာဘီဟာ ဘယ်ညာတောင်ပံနှစ်ဖက်မှာရော နောက်ချန်တိုက်စစ်နေရာမှာပါ ကစားတတ်သူလည်း ဖြစ်သလို ဒီရာသီမှာလည်း လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ (၂၂)ပွဲ ပါဝင်ထားနိုင်ခဲ့ပြီး (၈)ဂိုးသွင်း (၄)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ပြင်သစ်-မာလီဖွား ကစားသမား ဒီယာဘီဟာ လေဗာကူဆင်အသင်းမှာ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးဟာလည်း အနိမ့်ဆုံး ယူရိုသန်း(၆၀)ဝန်းကျင်လောက် ရှိနေသလို လေဗာကူဆင်ရဲ့ မရှိမဖြစ် ကစားသမားလည်း ဖြစ်နေတာကြောင့် လေဗာကူဆင်က သူတို့ကစားသမားကို အခု ဆောင်းဈေးကွက်အတွင်း လုံးဝ လက်လွတ်မခံချင်ပဲ လာမဲ့နွေမှသာ ယူရိုသန်းတစ်ရာလောက်နဲ့ လက်လွတ်သွားဖွယ် ရှိနိုင်တယ်လို့ Sky Sports သတင်းထောက်က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဒီယာဘီကို အာဆင်နယ်နဲ့အတူ နောက်ထပ် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကပါ အလိုရှိနေပါတယ်။