ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့သေးတဲ့ အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ စပိန် တိုက်စစ်ကစားသမား ဖာရန် တောရက်စ်ကိုလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းခဲ့သေးတယ်လို့ El Nacional ကနေ ဖော်ပြလာခဲ့ပါတယ်။
အာဆင်နယ်ဟာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာကာနဲ့ ဂျေဇူးတို့ ဒဏ်ရာ ပြဿနာနေတွေကြောင့် အသင်းက တိုက်စစ်ကစားသမားသစ် တစ်ဦးခန့်လောက် ခေါ်ယူသွားဖို့ လိုအပ်နေပြီလို့ နည်းပြအာတီတာကိုယ်တိုင် ပြောဆိုထားခဲ့ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေကတော့ ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ခေါ်ယူပေးဖို့ ပျက်ကွယ်ခဲ့ပါတယ်။
Photo Credit : Football365
အာဆင်နယ် ခေါ်ယူချင်နေတဲ့ တိုက်စစ်မှူးထဲကမှ လိုက်ပ်ဇစ်က ဘင်ဂျမင် ဆက်စ်ကိုနဲ့ အက်စတွန် ဗီလာက အိုလီ ဝက်ကင်းစ်တို့ကို အမှန်အကန် ကြိုးပမ်းခဲ့ပေမယ့်အသီးသီး ပယ်ချခံခဲ့ရတာကြောင့် ဈေးကွက်နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်က မာသိစ် တဲလ်ကိုပါ ကြိုးပမ်းခဲ့သေးပေမယ့် တဲလ်ကိုပါ စပါးက လက်ဦးသွားခဲ့ပြန်ပါတယ်။
El Nacional ရဲ့ သတင်းဖော်ပြချက်မှာတော့ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် မန်စီးတီး ကစားသမားဟောင်းဖြစ်တဲ့ ဖာရန် တောရက်စ်ကိုပါ ယူရိုသန်း(၂၀)နဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် ဒီကမ်းလှမ်းချက်ကို တောရက်စ်ရဲ့ လက်ရှိကလပ် ဘာစီလိုနာအသင်းဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။
Photo Credit : Barca News Network
အသက်(၂၄)နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမား ဖာရန် တောရက်စ်ဟာ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲကစားခွင့်တွေ သိပ်မရသေးသူ ဖြစ်ပေမယ့်လည်း သူ့ကို အာဆင်နယ် အေစီမီလန် နာပိုလီ ဒေါ့မွန်အသင်းတွေက ဆောင်းဈေးကွက်အတွင်း ချဉ်းကပ်လာမှုတွေကိုတော့ ဘာစီလိုနာအသင်းဘက်ကနေ ဆက်တိုက် ပယ်ချသွားခဲ့ပါတယ်။
ညာတောင်ပံကစာသမား တောရက်စ်ဟာ ၂၀၂၂ခုနှစ်ကမှ မန်စီးတီးကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ပွဲကစားခွင့် သိပ်များများစားစား မရပေမယ့်လည်း အသင်းနဲ့တော့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်သလို သူ့ကို ရောင်းထုတ်သွားဖို့ထက် အသင်းမှာသာ ဆက်ထိန်းထားဖို့သာ ဆန္ဒရှိနေပါတယ်။