ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းက ဒီနှစ်ဘောလုံးရာသီမှာ အသင်းလိုက် ဆုဖလားတွေထက် သူတို့အသင်းရဲ့ အမှတ်တံဆိပ်နဲ့ ဆင်တူဖြစ်တဲ့ အမြောက်ဆု(ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆု)ကိုသာ ရယူနိုင်လိမ့်မယ်လို့ အာဆင်နယ် ပရိသတ်တွေက လှောင်ပြောင်လိုက်ပါတယ်။

အင်္ဂလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့အတူ ဂိုးသွင်းအများဆုံးဆုနဲ့ စပါးအသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမား အစရှိတဲ့ မှတ်တမ်းကောင်းတွေ တစ်ဦးချင်းဆုတွေကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း အသက်(၃၀)အရွယ်ထိတောင် ဆုဖလားတွေနဲ့ အလှမ်းဝေးနေရဆဲ ဖြစ်ပါတယ်။

Photo Credit : Metro

ဒါပေမယ့် ဟယ်ရီကိန်းက သူ့အသက်အရွယ် (၃၀)ပြည့်သွားပြီး ထိပ်စီးပြောင်းသွားချိန်မှာပဲ စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်က နှစ်တိုင်းလိုလို ဆုဖလား အာမခံချက်ရှိတဲ့ အသင်းဖြစ်လို့ ဒီတစ်ချိန်တော့ ကိန်းက ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်တော့မယ်လို့ အားလုံး ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ကိန်းက ဂျာမန်စူပါဖလား ဂျာမန်ပိုကယ်ဖလားတွေမှာ ဆုဖလားတွေနဲ့ လက်လွတ်လိုက်ရပြီ ဖြစ်သလို ဘွန်ဒက်စ်လီဂါမှာလည်း ထိပ်ဆုံးက လေဗာကူဆင်နဲ့ (၅)မှတ်အထိ ကွာဟနေသလို ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့် ပကျော့မှာ လာဇီယိုကို ရှုံးနိမ့်ထားပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ ဟယ်ရီကိန်းက ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ ပွဲ(၂၁)ပွဲအထိ ကစားပြီးချိန် သွင်းဂိုး (၂၄)ဂိုးတောင် သွင်းယူထားလို့ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံးဆုကို ရရှိနိုင်ဖို့က လုံးဝ အခြေအနေကောင်းနေရပါတယ်။

ဖြစ်ချင်တော့ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံးဆုက အာဆင်နယ်အသင်းရဲ့ တံဆိပ်ဖြစ်တဲ့ အမြောက်ပုံနဲ့ အတူတူ ဖြစ်နေတာကြောင့် အာဆင်နယ်ရဲ့ ခါးသီး မြို့ခံကလပ် စပါးအသင်း ကစားသမားဟောင်း ကိန်း ဒီရာသီထဲ ရနိုင်မယ့် တစ်ခုတည်းသော ဆုက သူတို့အသင်းရဲ့ အမြောက်ဆုသာ ဖြစ်နေလိမ့်မယ်လို့ အာဆင်နယ် ပရိသတ်တွေက လှောင်ပြောင်နေကြပါတယ်။