ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ အိမ်ရှင် ပေါ်တိုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပေါက်တည့်ကန်ချက် မရှိပဲ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အုပ်စုဗိုလ် အဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် ၁၆သင်း ရှုံးထွက်အဆင့်မှာ Group Hရဲ့ အုပ်စု ဒုတိယ ပေါ်တိုနဲ့ ရင်ဆိုင် တွေ့ခဲ့ပြီး ယနေ့မနက်မှာတော့ ပေါ်တိုနဲ့ အာဆင်နယ်တို့က ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲ အဖြစ် ပေါ်တူဂီမြေမှာ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။

Photo Credit: Sky Sports

ပေါ်တိုနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အနိုင်ရလဒ်ရရှိရေး အတွက် အဓိက ကစားသမား အစုံအလင် ထည့်သွင်း အသုံးပြုကာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းပေါင်း ပြစ်ဒဏ်ဘောကျူးလွန်မှု ၂၆ကြိမ် အထိ ရှိခဲ့တာကြောင့် ပွဲကြမ်း တပွဲ ဖြစ်ခဲ့တယ်လို့ ပြောရပါမယ်။

အဆိုပါပွဲမှာ ဧည့်သည် အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာစီး ရခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မလုပ်နိုင်ခဲ့တာကြောင့် ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှ မရခဲ့ပဲ အိမ်ရှင် ပေါ်တိုကတော့ တည်ကန်ဘောတွေကို အားပြုကာ အာဆင်နယ်ဘက်ကို တိုက်စစ်ဆင် ကစားသွားခဲ့ပြီး ပေါ်တိုအတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၉၀+၄မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဂါလီနိုက သွင်းယူပေးခဲ့တာပါ။

Photo Credit: Football London

ပေါ်တို ၁-၀ အာဆင်နယ် ပွဲစဉ်မှာ အင်္ဂလန်သားတွေက ဂိုးပေါက်ကန်သွင်းမှု ၇ကြိမ်သာ လုပ်နိုင်ခဲ့သလို ဂိုးပေါက်တည့်ကန်ချက် ၁ကြိမ်မှ မရခဲ့တာကြောင့် ၁၃နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

အချက်အလက် မှတ်တမ်းတွေအရ အာဆင်နယ်က ၂၀၁၁ခုနှစ် ၊ မတ်လနောက်ပိုင်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှ မရပဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။