အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးသစ်တစ်ဦးကို ရှာဖွေနေဆဲဖြစ်ပြီး ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ ဘန်ဂျမင် ဆက်စ်ကိုရဲ့ လစာတောင်းဆိုမှုတွေဟာ လက်ရှိမှာ ကုန်ကျစရိတ် များလွန်းနေတာကြောင့် ဒီအပြောင်းအရွှေ့အတွက် စိတ်မရှည်တော့ဘူးလို့ သိရပါတယ်။
အာဆင်နယ်ဟာ ဒီနွေရာသီမှာ နံပါတ် ၉ တိုက်စစ်မှူးနေရာအတွက် ဆလိုဗေးနီးယားတိုက်စစ်မှူး ဆက်စ်ကိုကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ နီးစပ်နေခဲ့ပုံရပါတယ်။ နည်းပြ မီခေးလ် အာတီတာဟာ ဒီကစားသမားကို အချိန်အတော်ကြာ သဘောကျနေခဲ့တာဖြစ်ပြီး ဂန်းနားတို့အနေနဲ့ သူ့ရဲ့ကလပ် လိုက်ပ်ဇစ်နဲ့ အဆင်ပြေပြေ သဘောတူညီမှု ရနိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။
Photo Credit : Arsenal Insider
ဒါပေမယ့် The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ လစာတောင်းဆိုမှုကြောင့် ဆွေးနွေးမှုတွေ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆက်စ်ကိုက သူ့ရဲ့စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာကိုလည်း အာဆင်နယ်အသင်းက သဘောမကျ ဖြစ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆက်စ်ကိုကို ခေါ်ယူဖို့ မျှော်လင့်ချက် မစွန့်လွှတ်သေးပေမယ့် ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးကြားမှာ သဘောတူညီမှုရဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
ဆက်စ်ကိုရဲ့ လစာတောင်းဆိုမှုတွေက လက်ခံနိုင်စရာမရှိဘူးဆိုရင် အာဆင်နယ်ဟာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်ကို ပစ်မှတ်ပြောင်းနိုင်ပါတယ်။ အာဆင်နယ်ဟာ ဆွီဒင် ဂိုးသွင်းစက်ရုပ် ယိုကီရက်စ်ကို သဘောကျနေပေမယ့် ဆက်စ်ကိုကို ဦးစားပေးနေတာကြောင့် ချဉ်းကပ်မှုတွေတော့ မလုပ်ရသေးပါဘူး။ ဒါပေမယ့် စပို့တင်းအသင်းက ဒီတိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေး အလွန်အမင်း တောင်းဆိုနေတယ်လို့ အာဆင်နယ်က ယုံကြည်နေပြီး အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေး သိသိသာသာ ကျဆင်းလာမှသာ ခေါ်ယူဖို့ စဉ်းစားမှာ ဖြစ်ပါတယ်။
Photo Credit : Football Insider
ဆက်စ်ကိုရော ယိုကီရက်စ်ပါ အပြောင်းအရွှေ့တွေ အကောင်အထည်မဖော်နိုင်ခဲ့ရင်တော့ အက်စတွန်ဗီလာရဲ့ တိုက်စစ်မှူး အိုလီ ဝက်ကင်းစ်ကလည်း ဂန်းနားတို့ရဲ့ ရေဒါထဲမှာ ရှိနေဆဲပါ။ တိုက်စစ်မှူး ရှာပုံတော်ဖွင့်နေချိန်မှာပဲ အာဆင်နယ်ဟာ ဒီနွေရာသီရဲ့ ပထမဆုံး ခေါ်ယူမှုကို မကြာခင်မှာ ကြေညာတော့မှာဖြစ်ပြီး စပိန်ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီကို ဂန်းနားတစ်ယောက်အဖြစ် အတည်ပြုလုနီးပါး ဖြစ်နေပါပြီ။
ဒါ့အပြင် ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား ကီပါ အရစ်ဇာဘာလာဂါကိုလည်း အရန်ဂိုးသမားအဖြစ် ခေါ်ယူသွားဖို့ ရှိနေပါတယ်။ ရီးရဲလ် မက်ဒရစ်ရဲ့ ရိုဒရီဂိုကို ငွေပုံအောပြီး ခေါ်ယူမယ်ဆိုတဲ့ သတင်းကတော့ လောလောဆယ်မှာ ကောလာဟလအဆင့်သာ ရှိနေပါသေးတယ်။