ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီ အစမှာ ဘရန့်ဖို့ဒ် ကနေ သူတို့အသင်းဆီ တရာသီအငှားနဲ့ လာရောက် ကစားရင်း လက်စွမ်းကောင်းတွေ ပြသထားတဲ့ ဂိုးသမား ဒေးဗစ် ရာယာကို အငှားစာချုပ်ထဲမှာ ပါဝင်တဲ့ သဘောတူညီချက် အတိုင်း အပြီးသတ် ခေါ်ယူရန် ဆုံးဖြတ်လိုက်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၈နှစ် အရွယ် စပိန်ဂိုးသမား ဒေးဗစ် ရာယာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ထံ တရာသီအငှား + အပြီးသတ် ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပြီး ကနဦးမှာ သူက အာဆင်နယ်ရဲ့ ရှိရင်းစွဲ ဂိုးသမား ရမ်စဒဲလ်နဲ့ ပထမဂိုးသမားနေရာ အတွက် ယှဉ်ပြိုင်ခဲ့ရပေမယ့် နောက်ပိုင်းမှာ သူကပဲ ပထမဂိုးသမား နေရာကို အပိုင် သိမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Arsenal

ဒေးဗစ် ရာယာက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုး ၃၁ဂိုးသာ ပေးခဲ့ရပြီး ဂိုးမရှိတဲ့ပွဲ ၂၀ပွဲ အထိ ရယူနိုင်ခဲ့ပါတယ်။ ရာယာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ဂိုးမရှိတဲ့ပွဲ ၁၆ပွဲ အထိ ရယူနိုင်ခဲ့တာကြောင့် ရွှေလက်အိတ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒေးဗစ် ရာယာက စပိန်သား တဦးပီပီ ဘောလုံးကို အကောင်းဆုံး ကိုင်ကစားနိုင်စွမ်း ရှိတဲ့ မော်ဒန်ဂိုးသမား ဖြစ်သလို သူ့ရဲ့ လက်စွမ်းနဲ့ ခံစစ်ကြောင်းကို ထိန်းချုပ်မှုကလည်း ကောင်းမွန်တာကြောင့် အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက သူ့ရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေကြပါတယ်။

Photo Credit: Arsenal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဒေးဗစ် ရာယာရဲ့ လက်စွမ်းကောင်းတွေကြောင့် အငှားစာချုပ်မှာ ပါဝင်တဲ့ အပြီးသတ် ခေါ်ယူခွင့်ကို အသုံးချကာ ရာယာကို ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီး အာဆင်နယ်ဟာ ရာယာအတွက် ဘရန့်ဖို့ဒ်ထံ ပေါင် ၂၇သန်း ပေးချေရမယ်လို့ သိရှိရပါတယ်။

ဒေးဗစ် ရာယာက အာဆင်နယ်ဆီ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီးရင် အာဆင်နယ်ရဲ့ နံပါတ်တစ်ဂိုးသမား အဖြစ် ဆက်လက် ကစားခွင့် ရဖို့ ရှိနေတာကြောင့် ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်သာ ကစားခွင့် ရနေတဲ့ ရမ်စဒဲလ်ဟာ မကြာခင်မှာပဲ အာဆင်နယ်ကို စွန့်ခွာကာ အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ အလားအလာ များနေပါတယ်။