အာဆင်နယ်အသင်းကတော့ အက်စတွန်ဗီလာအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ် ကစားသမား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ကွင်းလယ်လူ စမစ်ရိုးကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချသွားဖို့ ရှိနေပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်လူ လူးဝစ်ဇ်ကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာကတည်းက ခေါ်ယူဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း ဒက်ကလန်ရိုက်စ်ကိုသာ ဦးစားပေး ခေါ်ယူခဲ့ရတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှပဲ လူးဝစ်ဇ်ကို ပြန်လည် ကြိုးပမ်းသွားနိုင်ပါတယ်။
Photo Credit : Chiesa Di Totti
အသက် (၂၅)နှစ်အရွယ် လူးဝစ်ဇ်ဟာ ဗီလာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဘရာဇီးလ်ကလပ် ဗက်စကိုဒါဂါးမားမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ကာ ၂၀၁၇မှာ မန်စီးတီးဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် လူးဝစ်ဇ်က စီးတီးမှာ ကစားခွင့်မရပဲ လာလီဂါကလပ် ဂျီရိုနာမှာသာ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။
(၂)နှစ်အကြာမှာတော့ လူးဝစ်ဇ်က မန်စီးတီးကနေ ဗီလာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ သူရဲ့ ကစားသမားဘဝကို စတင်ခွင့် ရရှိခဲ့ပါတယ်။ အခုတော့ လူးဝစ်ဇ်ဟာ ဗီလာနဲ့အတူ ပရီးမီးယားလိဂ် ပွဲပေါင်း (၁၅၀)ထိ ကစားပေးထားနိုင်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲစုံ (၁၇၆)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပါတယ်။
Photo Credit : Sky Sports
လူးဝစ်ဇ်ကို ဗီလာဘက်က ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ထားပေမယ့် အာဆင်နယ်ကတော့ လူးဝစ်ဇ်ကို လာမယ့် ဈေးကွက်အတွင်းမှာပဲ အရ ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေးအပြင် အကယ်ဒမီထွက် ကစားသမား စမစ်ရိုးကိုပါ အသုံးချပြီး ကမ်းလှမ်းသွားဖို့ပါ စီစဉ်နေပါတယ်။
အသက် (၂၃)နှစ်အရွယ်သာ ရှိသေးတဲ့ အာဆင်နယ် အကယ်ဒမီထွက် ကွင်းလယ်ကစားသမား စမစ်ရိုးဟာ ဒီရာသီမှာတော့ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးနေရပြီး ပရီးမီးယားလိဂ်မှာလည်း (၄)ပွဲပဲ ကစားထားခဲ့ရပါတယ်။ ဒီလို အခြေအနေကြောင့် စမစ်ရိုးက အာဆင်နယ်ကနေ ထွက်ခွာဖို့ ဟန်ပြင်နေပြီး သူ့ကိုလည်း ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။