ဘယ်လ်ဂျီယံက ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းရဲ့ ကွင်းလယ်ကစားသမား အာမာဒူ အိုနာနာကို ခေါ်ယူနိုင်ဖို့အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

အာဆင်နယ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဒက်ကလန်ရိုက်စ်ကို ဒီနွေမှာပဲ ခေါ်ယူထားခဲ့ပေမယ့်လည်း အခု ဆောင်းဈေးကွက်မှာပါ နောက်ထပ် ကွင်းလယ်လူတစ်ဦး ထပ်မံ ဖြည့်တင်းရဖို့ ရှိနေပြီး ဒီအတွက်လည်း အက်စတွန် ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ် လူးဝစ်ဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit : Footbalium

ဒါပေမယ့် ဗီလာဘက်ကတော့ သူတို့ ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိတာကြောင့် အာဆင်နယ်က ဒေါက်ကလပ် လူးဝစ်ဇ်ထက် အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အိုနာနာကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် အိုနာနာဟာ ပြီးခဲ့တဲ့ ရာသီကမှ လိုင်လီကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး သူရဲ့ ပရီးမီးယားလိဂ် ရာသီမှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ ဒီကစားသမားကို ချယ်လ်ဆီး မန်ယူနိုက်တက်တို့အပြင် ဘာစီလိုနာကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : beIN SPORTS

လက်ရှိမှာတော့ အာဆင်နယ်ပါ အိုနာနာကို စိတ်ဝင်စားလာခဲ့ပြီး အဲဗာတန်ကလည်း ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား အိုနာနာကို ပေါင် သန်း(၅၀)လောက်နဲ့ ရောင်းချသွားရဖွယ်ပါ ရှိနေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ အိုနာနာကို အာဆင်နယ်အသင်းက အခု ဈေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး အခုဆိုရင်လည်း အိုနာနာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ဆောင်ရွက်နေပြီလို့ သတင်းထွက်ပေါ်လို့နေပါတယ်။