အာဆင်နယ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ်ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ TyC Sports သတင်းထောက် Gaston Edul က ဖော်ပြခဲ့ပါတယ်။
အာဂျင်တီးနား လက်ရွေးစင် တောင်ပံကစားသမား ဂါနာချိုဟာ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က သူ့ကို အသင်းသစ်ရှာဖို့ ပြောကြားခဲ့ပြီးနောက် ကစားသမားကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဂါနာချိုကို အာဆင်နယ်အသင်းဘက်က ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
Photo Credit : Arsenal News
ဂါနာချိုအနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာပဲ ဆက်လက် ကစားချင်နေပြီး အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးအသင်းနဲ့ ပြိုင်ဆိုင်မှုကိုတော့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဘောလုံးသတင်းထောက် အကျော်အမော်တစ်ဦးဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနို ဖော်ပြထားချက်အရ ယူနိုက်တက်ကနေ သေချာပေါက် ထွက်ခွာရတော့မယ့် ဂါနာချိုကို ပရီးမီးယားလိဂ်က ကလပ်အသင်း (၃)သင်းခန့်အပြင် တန်ဟက်ဂ်ရဲ့ လေဗာကူဆင်နဲ့ အီတလီ စီးရီးအေ ကလပ်အသင်း တချို့ကလည်း စိတ်ဝင်စားလျက် ရှိနေကြတယ်လို့ သိရပါတယ်။
Photo Credit : GiveMeSport
အာဆင်နယ်အသင်းကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အထောင်တိုက်စစ်မှူးအပြင် နောက်ထပ် ဘယ်တောင်ပံကစားသမားတစ်ဦးကိုပါ ခေါ်ယူချင်နေပြီး ယူနိုက်တက်က ဂါနာချိုဟာ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာ လိုချင်တဲ့ တိုက်စစ်စွမ်းဆောင်ရည်တွေနဲ့ ကိုက်ညီနေပါတယ်။
ဂါနာချိုအနေနဲ့ လာမယ့်နှစ် အမေရိကန် ကနေဒါ မက္ကဆီကိုတို့မှာ ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အာဂျင်တီးနား ကိုယ်စားပြုအဖြစ် ပါဝင်ခွင့် ရဖို့အတွက် ပွဲကစားခွင့်တွေ ပိုမိုအာမခံပေးနိုင်မယ့် ကလပ်အသင်းဆီကိုသာ ရွေးချယ်ဖွယ် ရှိနေပြီး လက်ရှိ အခြေအနေတွေအရတော့ ဂါနာချိုဟာ ချယ်လ်ဆီးအသင်းဆီ ပိုပြီး ပြောင်းရွှေ့ချင်နေပါတယ်။