ဒီနွေမှာ ကိုင်ဟားဗက်ဇ်ကို ခေါ်ယူထားပြီး ဒက်ကလန်ရိုက်စ် နဲ့ တင်းဘားတို့ကိုပါ ထပ်မံ ခေါ်ယူသွားဦးမယ့် အာဆင်နယ်အသင်းဟာ အခုလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ်တိုရဲ့ အီရန် တိုက်စစ်ကစားသမား တာရေမီကိုပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်က အသင်းတိုက်စစ်ပိုင်းမှာ ဂါဘရီရယ်ဂျေဇူး မာတင်နယ်လီ ဆာခါ ထရိုဆက်ဒ် အန်ခီတီယာ နဲ့ နယ်လ်ဆန်တို့ ရှိနေပေမယ့်လည်း အထောင် တိုက်စစ် နေရာအတွက်က ဂျေဇူး နဲ့ အန်ခီတီယာတို့ ရှိနေသလို Reims အသင်းဆီ အငှားချထားတဲ့ ဘာလိုဂန်ကိုလည်း ဒီနွေမှာ အပြီးသတ် ရောင်းထုတ်ဖို့ပါ ရှိနေတာကြောင့် တိုက်စစ်ပိုင်းအတွက် ဈေးသက်သက်သာသာ ခေါ်ယူနိုင်မယ့် တာရေမီကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ အီရန်လက်ရွေးစင် တိုက်စစ်မှူး တာရေမီဟာ ၂၀၂၀ခုနှစ်ကတည်းက ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းမှာ ပါဝင်ကစားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး မနှစ်က ဘောလုံးရာသီမှာ ပေါ်တိုအတွက် ပြိုင်ပွဲစုံ (၅၁)ပွဲကစား (၃၁)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် တိုက်စစ်ကစားသမား လိုအပ်နေတဲ့ မန်ယူနိုက်တက်က တာရေမီကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပြီး အခုလည်း အာဆင်နယ်အသင်းကပါ ဂျေဇူးရဲ့ back-up ထားဖို့အတွက် တာရေမီကို စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Transfermarket

တာရေမီဟာ အီရန်အသင်းအတွက် (၆၈)ပွဲကစား (၃၆)ဂိုး သွင်းယူထားနိုင်သူဖြစ်ပြီး ပေါ်တိုအသင်းမှာလည်း (၃)ရာသီအတွင်း သွင်းဂိုး စုစုပေါင်း (၈၀)အထိ သွင်းယူနိုင်ခဲ့တဲ့ ဂိုးသွင်းစက်တစ်ဦး ဖြစ်ပါတယ်။ တာရေမီက လက်ရှိမှာ ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့ပြီး သူရဲ့ တန်ကြေးကတော့ ယူရို (၁၈)သန်းဝန်းကျင်သာ ရှိနေသလို စာချုပ်အခြေအနေကြောင့်လည်း ဒီထက်မက ပိုပြီး တန်ကြေး လျော့နည်းသွားနိုင်ဖွယ် ရှိနေပါတယ်။