ပေါ်တူဂီသတင်းစာ Record ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ ဗစ်တာ ယိုကရက်စ်ကို ခေါ်ယူရေး အစီအစဉ်ဟာ လုံးဝပျက်ပြားလုနီးပါး ဖြစ်နေပါပြီ။ ကစားသမားကိုယ်တိုင်ကလည်း စပို့တင်း လစ္စဘွန်းအသင်းကို ရာသီကြို လေ့ကျင့်ခန်းဆင်းဖို့ ပြန်မလာတော့ဘူးလို့ ငြင်းဆန်ထားပါတယ်။

အာဆင်နယ်အသင်းနဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ ဒီအပြောင်းအရွှေ့ကိစ္စဟာ ပျက်လုနီးပါး ဖြစ်နေပါပြီတဲ့။ အကြောင်းရင်းကတော့ စပို့တင်းအသင်း ဘုတ်အဖွဲ့ဝင်တွေက ဆွီဒင်လက်ရွေးစင် ကစားသမားအတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချဖို့ လုံးဝငြင်းဆန်နေလို့ပါပဲ။

Photo Credit : Goal

အာဆင်နယ် အားကစားဒါရိုက်တာ အန်ဒရေ ဘာတာဟာ ပြီးခဲ့တဲ့သောကြာနေ့က လစ္စဘွန်းကို ရောက်ရှိခဲ့ပြီး တနင်္လာနေ့မှာ ဘာတစ်ခုမှ သဘောတူညီချက်မရဘဲ ပြန်ထွက်ခွာသွားခဲ့ရပါတယ်။ စပို့တင်းက ယိုကရက်စ်အတွက် ယူရိုသန်း(၈၀) တောင်းဆိုခဲ့ရာ အာဆင်နယ်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကတော့ ယူရို(၆၅)သန်းအပြင် အပိုဆုကြေး ယူရို(၁၅)သန်း ဖြစ်ပါတယ်။ အပိုဆုကြေး ယူရို(၁၅)သန်းထဲက ယူရို(၅)သန်းကိုတော့ အလွယ်တကူ ရရှိနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ စပို့တင်းအသင်းက သေချာရရှိမယ့် ပြောင်းရွှေ့ကြေးကိုမှ ယူရို(၅)သန်း ထပ်တိုးပြီး ယူရိုသန်း(၇၀) ဖြစ်စေချင်သလို အပိုဆုကြေးကိုလည်း ယူရို(၁၀)သန်းအထိ လျှော့ချဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီလိုဆိုရင် စုစုပေါင်း ယူရိုသန်း(၇၀) + ယူရို(၁၀)သန်း ဖြစ်သွားမှာပါ။

Photo Credit : Just Arsenal

အခုတော့ နှစ်ဖက်အသင်းတွေကြား သဘောထားတွေ ပိုပြီး ကွဲပြားလာပါပြီ။ စပို့တင်းက သူတို့ တန်ဖိုးဖြတ်ထားတဲ့အတိုင်း ရပ်တည်နေပြီး အာဆင်နယ်ဘက်ကတော့ စိတ်မရှည်တော့တဲ့အထိ အရမ်းကို မကျေမနပ် ဖြစ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီအပြောင်းအရွှေ့ကိစ္စဟာ လက်ရှိအချိန်အထိ ဘာတိုးတက်မှုမှ မရှိသေးဘဲ လုံးဝပျက်ပြားသွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ယိုကရက်စ် ကိုယ်တိုင်ကလည်း ပြတ်သားတဲ့ သဘောထားကို ပြသနေပါတယ်။ သူက ရာသီကြို လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ထားပါတယ်။ စပို့တင်းက သူ့ကို Alcochete မှာ မနက်ဖြန်ပြန်လာဖို့ ခွင့်ပြုထားပေမဲ့ ယိုကရက်စ်ကတော် အပြောင်းအရွှေ့ဖြစ်မြောက်အောင် ဖိအားပေးတဲ့အနေနဲ့ လေ့ကျင့်ရေးကို ရှောင်ရှားသွားဖို့ ဆုံးဖြတ်ထားပါတယ်။