အာဆင်နယ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ နောက်ခံလူ ပီယာရို ဟင်ကာပီကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်များ ရရှိသွားပြီဖြစ်ပြီး ရေရှည်စာချုပ်တစ်ရပ် ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နောက်ဆုံးရ သတင်းများအရ သိရပါတယ်။
အီကွေဒေါ နောက်ခံလူ ဟင်ကာပီကိုယ်တိုင်က အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ နှစ်သက်သဘောတူညီခဲ့တာဖြစ်ပြီး နည်းပြ မီခေးလ် အာတီတာကလည်း သူ့ကို အသင်းအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Photo Credit : Football Transfer
ကစားသမားနဲ့ သဘောတူညီချက်ရရှိပြီးနောက် အာဆင်နယ်အသင်းဟာ ဟင်ကာပီရဲ့ လက်ရှိကလပ်အသင်းထံကို ပထမဆုံး ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါကမ်းလှမ်းမှုဟာ အငှားစာချုပ် + မဖြစ်မနေ အပြီးသတ်ဝယ်ယူခွင့် ပါဝင်မယ့် ပုံစံမျိုး ဖြစ်နိုင်ဖွယ် ရှိနေပါတယ်။
ဒီအပြောင်းအရွှေ့ဟာ အာဆင်နယ်ရဲ့ နောက်ခံလူ ယာကော့ဘ် ကီဗီယော ပေါ်တိုအသင်းကို မကြာခင်မှာ ပြောင်းရွှေ့တော့မယ့် ကိစ္စနဲ့လည်း ဆက်စပ်နေတာကြောင့် အာဆင်နယ်ရဲ့ ခံစစ်ပိုင်းမှာ “တစ်ယောက်ထွက်၊ တစ်ယောက်ဝင်ပုံစံနဲ့ အပြောင်းအလဲများ ပြုလုပ်နေတာ ဖြစ်ပါတယ်။
Photo Credit : Goal
တကယ်တော့ ဟင်ကာပီကို ခေါ်ယူဖို့အတွက် စပါးအသင်းဘက်က စတင် စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့်လည်း ခရစ္စတယ် ပဲလေ့စ်ကနေ အာဆင်နယ်အသင်းဆီ ရောက်သွားခဲ့တဲ့ အီဘီရီချီ အက်ဇေးရဲ့ အပြောင်းအရွှေ့အတိုင်း စပါးနဲ့ သတင်းတွေထွက်ပြီးမှ အာဆင်နယ်ကို ရောက်သွားတဲ့ ပုံစံအတိုင်း ဖြစ်လာဖို့က အလွန်နီးစပ်နေပါတယ်။
အသက် (၂၃)နှစ်အရွယ် တောင်အမေရိက ကစားသမား ဟင်ကာပီဟာ ဗဟိုခံစစ်နေရာမှာသာမကပဲ ဘယ်ခြမ်းခံစစ်မှာပါ ကစားနိုင်သူဖြစ်ပြီး ကွင်းလယ်ဘယ်ခြမ်းအထိပါ ကစားနိုင်တာကြောင့် အာဆင်နယ်အနေနဲ့ ဒီကစားသမားကို လိုအပ်သလို နေရာအစုံမှာ ထားကစားနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ဟင်ကာပီအတွက် သတ်မှတ်ထားတဲ့ တန်ကြေးကတော့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို သန်း(၆၀)ပဲ ဖြစ်ပါတယ်။