ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က ပြီးခဲ့တဲ့ အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၃-၁ ဘန်လေ ပွဲစဉ်မှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် မကြာခင် ကစားရတော့မယ့် ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်းဗိုလ်လုပွဲ အပါအဝင် လီဗာပူးရဲ့ ပွဲစဉ်တချို့ကို လွဲချော်တော့မယ်လို့ သိရှိရပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးရဲ့ တိုက်စစ်နဲ့ ခံစစ် အတွက် မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသူ ဖြစ်ပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ အပတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး ၃-၁ ဘန်လေ ပွဲစဉ်မှာလည်း အာနိုးလ်က ကွမ်ဆက် ၊ ဗန်ဒိုက် ၊ ရော်ဘတ်ဆန်တို့နဲ့ တွဲဖက်ကာ လီဗာပူးရဲ့ ခံစစ်ကြောင်းကို ဦးဆောင် ကစားခဲ့ရပြီး သူက ပထမပိုင်းမှာ အသေးစား ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းဖော် အဲလိယက်ဇ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

ကနဦးမှာ လီဗာပူးရဲ့ ဆေးအဖွဲ့က အာနိုးလ်ရဲ့ ဒဏ်ရာကို အသေးစားဒဏ်ရာလို့ ထင်မှတ်ခဲ့ပေမယ့် လေ့ကျင့်ခန်း တချို့ လုပ်အပြီးမှာ အာနိုးလ်က နာကျင်မှုကို ပြန်လည် ခံစားခဲ့ရတာကြောင့် စစ်ဆေးကြည့်ရာ ရက်သတ္တပတ် အနည်းငယ် အနားယူဖို့ လိုအပ်တဲ့ အလတ်စား ဒဏ်ရာတခု ဖြစ်နေတာကို သိခဲ့ရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ အာနိုးလ်က အနည်းဆုံး ရက်သတ္တပတ် ၂ပတ် ၊ ၃ပတ်ခန့် အနားယူဖို့ လိုအပ်နေပြီး အာနိုးလ်ဟာ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ချယ်လ်ဆီးနဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို သေချာပေါက် လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

အာနိုးလ်က ဒဏ်ရာရသွားခဲ့ပေမယ့် လီဗာပူးရဲ့ လူငယ်ကြယ်ပွင့် ဘရက်ဒ်လေက ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ဘရက်ဒ်လေဟာ ကာရာဘောင်းဗိုလ်လုပွဲမှာ လီဗာပူးရဲ့ ညာနောက်ခံလူ အဖြစ် ပွဲထွက် ကစားလာဖွယ် ရှိနေပါတယ်။