ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က သူတို့အသင်းရဲ့ ဒီရာသီ အဓိက ပစ်မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ ဖြစ်ကြောင်း လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မတိုင်မီ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂျာမဏီလူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ၅နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ စီးတီးရဲ့ အဓိက ချန်ပီယံလုဘက် ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အတော်လေး ရလဒ်တွေ ဆိုးဝါးခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့ခြင်း မရှိသလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ လီဗာပူးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဖာဘင်ဟို ၊ ဟန်ဒါဆန် ၊ မီလ်နာ ၊ ဖာမီနို ၊ နာဘီကီတာ ၊ ချိန်ဘာလိန် စတဲ့ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့ပြီး ဆိုဘော့ဇလိုင်း ၊ အယ်လစ္စတာ ၊ အန်ဒို ၊ ဂရာဗန်ဘက် စတဲ့ ကွင်းလယ်လူတွေကို ပြန်ခေါ်ကာ အသင်းကို သွေးသစ်လောင်းမှုတွေ လုပ်ခဲ့ပါတယ်။

ကွင်းလယ်တခုလုံးကို အပြောင်းအလဲ လုပ်ခဲ့မှုကြောင့် လီဗာပူးရဲ့ ကစားပုံက ဒီရာသီမှာ အတော်လေး တိုးတက်လာခဲ့သလို ရလဒ်ကောင်းတွေလည်း ဆက်တိုက် ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အပြီးမှာ လီဗာပူးက ရမှတ် ၂၇မှတ် အထိ စုဆောင်းထားနိုင်ကာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Sky Sports

ယခုတပတ်မှာတော့ လီဗာပူးက အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်မတိုင်မီ လုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ လီဗာပူးရဲ့ အဓိက ခံစစ်မှူး အာနိုးလ်က သူတို့အသင်းဟာ ဒီရာသီမှာ မန်ချက်စတာ စီးတီးရဲ့ လိဂ်ချန်ပီယံဘွဲ့ကို လွှဲပြောင်း ရယူမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

အာနိုးလ်က – “ကျွန်တော်တို့ တသင်းလုံးရဲ့ ဒီရာသီ ပစ်မှတ်ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ပြန်ဖြစ်ဖို့ပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ ဒီရာသီ ရည်မှန်းချက်ပါ။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေက မကောင်းခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။