လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဇန္ဒား အာနိုးလ်ဟာ ဒဏ်ရာ ပြဿနာကြောင့် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ကာရာဘောင်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက်(၂၆)နှစ်အရွယ် အင်္ဂလန် နောက်ခံအစွန်လူ အာနိုးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပွဲကို ဆက်ကစားနိုင်ခြင်း မရှိတော့လို့ လူစားပါလဲလိုက်ရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အာနိုးဟာ တနင်္ဂနွေနေ့မှာ နယူးကာဆယ်နဲ့ ကစားရမယ့် ဖလားဗိုလ်လုပွဲကို လွဲချော်လိမ့်မယ်လို့ သိရပါတယ်။

Photo Credit : Goal

ဒါပေမဲ့ အဆိုပါ သတင်းမှာ အာနိုးက ကြီးမားတဲ့ ထိခိုက်မှုမျိုး မရှိခဲ့တာကြောင့် ဒီရာသီမှာပဲ အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ မျှော်လင့်ရကြောင်း ထပ်လောင်း ဖော်ပြထားပါတယ်။ အာနိုးဟာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးလအနည်းငယ်အတွင်းမှာ ရှိနေတာကြောင့် ပရိသတ်အချို့က လီဗာပူးလ်အတွက် သူ့ရဲ့ နောက်ဆုံးကစားပွဲကို ကစားပြီးပြီလို့ စိုးရိမ်နေကြပေမဲ့ အာနိုးက ရာသီမကုန်ခင်မှာပဲ ပြန်လာနိုင်ဖွယ်ရှိပါတယ်။

အာနိုးလ်က နယူးကာဆယ်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ် မရှိရင်တော့ ပုံမှန် အရန်ကစားသမား ကော်နာ ဘရက်ဒလေကလည်း ဒဏ်ရာရနေတာဖြစ်လို့ ခံစစ်ကစားသမား ဂျာရယ်လ် ကွန်ဆာက ညာနောက်ခံလူအဖြစ် ပါဝင်ကစားပေးရနိုင်ပါတယ်။

Photo Credit : Reuters

လီဗာပူးလ်က ဒီရာသီထဲမှာ အက်ဖ်အေဖလား ပြိုင်ပွဲကနေ စောစောစီးစီးပဲ ထွက်ခွာထားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် (၁၆)သင်းအဆင့်မှာ ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်လို့ ဖလား(၂)လုံးကို လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှာ နယူးကာဆယ်ကို အနိုင်ရရင်တော့ ဒီရာသီအတွက် ပထမဆုံး ဖလားတစ်လုံးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ကနေ အမှတ်အပြတ်အသတ်နဲ့ ဦးဆောင်နေတာဖြစ်လို့ နည်းပြသစ် အာနေး စလော့လက်ထက် ပထမဆုံးဘောလုံးရာသီမှာပဲ ဆုဖလား(၂)လုံး ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။