တော့တင်ဟမ် ဟော့စပါးအသင်းနဲ့အတူ ဆုဖလား မရသေးတဲ့ စောင့်ဆိုင်းမှုကို အဆုံးသတ်ပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက်မှာ စပါးအသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားအဖြစ် ခံစားနေရတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက စပါးအသင်းကို ရောက်ရှိနေခဲ့တဲ့ တောင်ကိုရီးယား လက်ရွေးစင် ဆွန်ဟောင်မင်ဟာ စပါးအသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်းရဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပြီး အသင်းအတွက် အရေးအပါဆုံးသော ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က ဘီလ်ဘာအိုမှာ မန်ချက်စတာ ယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်မရခင်အထိ ဘယ်ဆုဖလားမှ ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

Photo Credit : The Sun

“ဝိုး… ဘယ်လိုခံစားချက်လဲမေးရင် အံ့မခန်းပါပဲ!။ ဒီနေ့ကတော့ အိပ်မက်တွေ တကယ်ဖြစ်လာတဲ့နေ့ပါပဲ။ ရိုးရိုးသားသားပြောရရင် ကမ္ဘာပေါ်မှာ အပျော်ဆုံးလူပါပဲ။” လို့ ဆွန်က TNT Sports ကို ပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ စပါးအသင်းထဲက ဆွန် တစ်ဦးတည်းသာ (၆)နှစ်အကြာ နောက်ထပ် ဥရောပဖလား ဗိုလ်လုပွဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖလားတွေနဲ့ အကြိမ်ကြိမ် နီးစပ်ခဲ့ပေမယ့် ဆက်တိုက် လွဲချော်ခဲ့ရတာတွေကြောင့် အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ ဆွန်က ဖိအားတွေ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။ “ဖိအားတွေကို ကျွန်တော် ခံစားခဲ့ရတယ်. ဒီဖလားကို အရမ်းလိုချင်ခဲ့တာ။ ပြီးခဲ့တဲ့ (၇)ရက်လုံး ကျွန်တော် ဒီပွဲအကြောင်းကို နေ့တိုင်း အိပ်မက်မက်နေခဲ့တာ။ နောက်ဆုံးတော့ အဖြစ်မှန် ဖြစ်လာခဲ့ပြီ။ အေးအေးဆေးဆေး အနားယူလို့ရပြီ။ ဒီနေ့ကတော့ ကျွန်တော်တို့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်မယ့်နေ့ပါပဲ။ အိမ်ပြန်မယ့် လေယာဉ်တောင် လွတ်သွားမလား မသိဘူး။” လို့ ဆိုပါတယ်။

Photo Credit : Cumnock Chronicle

ဆွန်ဟာ သူ့ရဲ့ဇာတိ တောင်ကိုရီးယားမှာ ပရိသတ်အင်အား အများအပြားရှိပြီး သူ့ရဲ့အောင်မြင်မှုကို ကြည့်ရှုဖို့ တစ်ညလုံး အိပ်မပျော်ဘဲ စောင့်ကြည့်ခဲ့တဲ့ ကိုရီးယား ပရိသတ်တွေကို အထူးကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ “ကိုရီးယားလူမျိုးဖြစ်ရတာ အရမ်းကို ဂုဏ်ယူပါတယ်။ ကိုရီးယားပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်တယ်။ အဲ့ဒီမှာ (ပွဲစတင်ချိန်က) မနက် ၄ နာရီ ရှိနေပေမယ့် သူတို့က ကျွန်တော့်ကို အရူးအမူး အားပေးခဲ့ကြတယ်” လို့ ဆွန်က ပြောကြားခဲ့ပါတယ်။

ဆွန်ရဲ့ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာထိတောင် ရောက်ရှိနေပြီး (၃၇)ပွဲကစား (၂၁)ပွဲအထိ ရှုံးနိမ့်ထားကာ အလွန်ဆိုးရွှားတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပေမယ့်လည်း အခုတော့ နှစ်ပေါင်း(၁၇)ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ရရှိသွားခဲ့ပါတယ်။