ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ညာနာက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုးက ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မှာ အယ်လ်ဟီလာအသင်းနဲ့ ပွဲဦးထွက် ကစားပြီးတဲ့နောက် လီဗာပူးလ်ကနေ ထွက်ခွာခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ထရန့်ဟာ ပြီးခဲ့တဲ့လက ဥရောပပြိုင်ဘက် ရီးယဲလ် မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လီဗာပူးလ် ပရိသတ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ်။ ရီးယဲလ် မက်ဒရစ်က သူ့ကို ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပေါင် ၈ သန်းခန့် ပေးပြီး အရ ခေါ်ယူခဲ့ပါတယ်။
Photo Credit : BBC
သူ့ရဲ့ တရားဝင်မိတ်ဆက်ပွဲမှာလည်း စပိန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း စပိန်ဘာသာစကားကို လအနည်းငယ် လေ့လာခဲ့ရုံပဲ ရှိသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင် ထရန့်ဟာ မိုင်ယာမီမြို့၊ Hard Rock အားကစားကွင်းမှာ ကစားခဲ့တဲ့ ရီးယဲလ်အသင်းရဲ့ အုပ်စု (H) အဖွင့်ပွဲစဉ်မှာ ပါဝင်ခဲ့ပြီး Flashscore ကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်စိတ်ထဲမှာရော နှလုံးသားထဲမှာပါ ကျွန်တော့်အတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းဂုဏ်ယူစရာအခိုက်အတန့်ပါပဲ။ ပွဲဦးထွက်ကစားခွင့်ရခဲ့လို့လည်း အရမ်းပျော်ပါတယ်။ ရီးယဲလ် မက်ဒရစ်ကို ပြောင်းရွှေ့ရတာကတော့ ကစားသမားအများစု ဒါမှမဟုတ် ကစားသမား အားလုံးလိုလို သူတို့ဘဝရဲ့ တစ်ချိန်ချိန်မှာ အိပ်မက်မက်ကြတဲ့အရာပါပဲ။ ကလပ်အသင်းပြောင်းရွှေ့တာ ဒါပထမဆုံးအကြိမ်ဆိုတော့ ဘာတွေဖြစ်လာမလဲဆိုတာ မသိခဲ့ဘူး။ ဘာမှ မျှော်လင့်ထားတာမျိုးလည်း မရှိခဲ့ဘူး။” လို့ အာနိုးက ဆိုပါတယ်။
Photo Credit : TEAMtalk
ဇာဘီ အလွန်ဆိုရဲ့ ရီးယဲလ်နည်းပြဘဝ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ဒီပွဲမှာ ရီးယဲလ်ဟာ ဆော်ဒီထိပ်သီးကလပ် အယ်လ်ဟီလာနဲ့ တစ်ဂိုးစီသရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပွဲပြီးခါနီး ပင်နယ်တီကို ဖက်ဒရီကို ဗယ်လ်ဗာဒီ ကန်သွင်းယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ရလဒ်က ထရန့်ကို စိတ်ပျက်စေခဲ့ပါတယ်။ “ဟုတ်ပါတယ်။ စိတ်ပျက်စရာတချို့တော့ ရှိပါတယ်။ ရီးယဲလ် မက်ဒရစ် ကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်က ပွဲတိုင်းနိုင်ချင်စိတ် နိုင်မယ်လို့ မျှော်လင့်တဲ့စိတ်ပါပဲ။”
“ဒါပေမယ့်လည်း နည်းပြအသစ် ကစားသမားအသစ်တွေ အတွေးအခေါ်အသစ်တွေနဲ့ဆိုတော့ အကောင်းမြင်စရာတချို့တော့ ရှိပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပြီး နောက်ပွဲအနိုင်ရဖို့အတွက် အုတ်မြစ်တွေ ချထားနိုင်ခဲ့ပါပြီ။ ကစားသမားတွေနဲ့ အသင်းနဲ့ အသားကျဖို့ အချိန်နည်းနည်းတော့ ယူရပါလိမ့်မယ်။ ဒါက ကျွန်တော့်အတွက် အသစ်အဆန်းဆိုတော့ အချိန်ယူရမှာပါ၊ ဒါပေမယ့် ဒီနေ့ ကစားခွင့်ရခဲ့လို့ အရမ်းပျော်ပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုပါပဲ။ နည်းနည်းတော့ ထူးခြားပါတယ်။ ဒါပေမယ့် ဒီရဲ့ တစ်မိနစ်ချင်းစီတိုင်းကို ကျွန်တော် ပျော်ရွှင်စွာ ဖြတ်သန်းနေပါတယ်။” လို့ အာနိုးက ပွဲအပြီးမှာ Flashscore ကို ပြောကြားသွားခဲ့ပါတယ်။