ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးရဲ့ အဓိက ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်ကတော့ သူတို့အသင်းဟာ ၂၀၁၉ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဒုတိယအကျော့မှာ အနိုင်ယူကာ ကွာတားဖိုင်နယ်ဆီ တက်ရောက်ခဲ့သလို မနက်ဖြန်ညမှာလည်း ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ အနိုင်ယူကာ ကွာတားဖိုင်နယ်ဆီ တက်နိုင်အောင် ကြိုးစားမယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

လီဗာပူးက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ သူတို့ရဲ့ ခါးသီးပြိုင်ဘက်လို ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ပထမအကျော့ အဖြစ် အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ရာ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့် လီဗာပူးက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ဆီ တက်ချင်ရင် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ်ကို ၄ဂိုးပြတ်နဲ့ အနိုင်ယူဖို့ လိုအပ်ပြီး အကယ်၍ ၄ဂိုးပြတ်နဲ့ အနိုင်မရနိုင်ဘူး ဆိုရင်တောင် သာမန် ပွဲကစားချိန် အတွင်းမှာ ၃ဂိုးပြတ်နဲ့ အနိုင်ယူကာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရအောင် ကြိုးစားဖို့ လိုပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ လက်ရှိ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ ခြေစွမ်းပိုင်း ကွာဟချက်တွေကြောင့် လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ မနိုင်လောက်ဘူးလို့ သုံးသပ်ထားကြပေမယ့် လီဗာပူးရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ အာနိုးလ်ကတော့ သူတို့အသင်းဟာ ဘာစီလိုနာကို ပထမအကျော့မှာ ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့နေရာ ကနေ ဒုတိယအကျော့မှာ ၄ဂိုးပြတ်နဲ့ အနိုင်ယူကာ နောက်တဆင့်ဆီ တက်လှမ်းဖူးတာကြောင့် ဒီတကြိမ်မှာလည်း ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ဆီ တက်နိုင်အောင် ကြိုးစားမယ်လို့ ပြောလာပါတယ်။

Photo Credit: Sky Sports

အာနိုးလ်က – “ကျွန်တော်တို့က နောက်တဆင့် တက်နိုင်ဖို့ဆို စပိန်မြေမှာ ထူးရှယ်ခြေစွမ်း တရပ် ပြသဖို့ လိုသလို ပြသနိုင်အောင် ကြိုးစားသွားမှာပါ။ ဒါက အရိုးသားဆုံး ပြောတာပါ။ ဒါပေမယ့် ခင်ဗျားတို့ သိအောင် ပြောရရင် ကျွန်တော်တို့က ဒီလို အခြေအနေမျိုးကို ဘာစီလိုနာနဲ့ တခါ ကြုံခဲ့ဖူးပြီးပါပြီ။ ကျွန်တော်တို့က ဆုံးရှုံးစရာ မရှိတဲ့ ပွဲမျိုးကို ကစားခဲ့ဖူးသလို နိုင်အောင်လည်း ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း အဲ့ဒီလိုမျိုး ဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ကို မနက်ဖြန်ည ၂နာရီခွဲ အချိန်မှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။