လီဗာပူးလ်အသင်းရဲ့ အင်္ဂလန် ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးကတော့ သူ့ကို ရီးယဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လီဗာပူးလ်မှာ ဆက်လက် ရှိသွားဖို့ကိုသာ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

အသက် (၂၅)နှစ်အရွယ် လီဗာပူးလ် အကယ်ဒမီထွက် ကစားသမား အာနိုးဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်တည်းသာ ကျန်ရှိနေတော့တာဖြစ်လို့ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေ သို့လောသို့လော ထွက်ပေါ်လာခဲ့ရပြီး ဒီအခြေအနေတွေကို ရီးယဲလ်အသင်းကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Yahoo! Sports

ရီးယဲလ်အသင်းရဲ့ ညာခြမ်းခံစစ်မှာ ဒန်နီ ကာဗာဟယ်လ်လို ဝါရင့် ကစားသမားကြီး ရှိနေပေမယ့် ကာဗာဟယ်လ်ရဲ့ အသက်က (၃၂)နှစ်တောင် ရှိနေပြီမို့ သူ့နေရာမှာ ရေရှည်အစားထိုးသွားဖို့အတွက် အာနိုးလို အရည်အသွေးမြင့် ညာနောက်ခံလူတစ်ဦးကို အတော်လေး စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

အာနိုးကလည်း လက်ရှိအချိန်ထိ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးမြှင့်နိုင်သေးတဲ့ အခြေအနေတွေကြောင့် ရီးယဲလ်က အာနိုးကို ပိုပြီး စိတ်ဝင်စားနေပြီး အခုဈေးကွက်ထဲမှာ မခေါ်နိုင်သေးရင်တောင်မှ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှသာ ဘာပေ ရူဒီဂါ အာလာဘာတို့ကို ခေါ်ယူခဲ့သလိုမျိုး အလွတ်နဲ့ ဆွဲစိသွားနိုင်ပါတယ်။

Photo Credit : ESPN

ဒါပေမယ့် အာနိုးကတော့ ရီးယဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုအပေါ် စဉ်းစားနေမှာ မဟုတ်ပဲ လီဗာပူးလ်နဲ့သာ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့အတွက်ကိုသာ ဦးစားပေး လုပ်ဆောင်သွားချင်နေပါတယ်။ လီဗာပူးလ်ဘက်ကလည်း အာနိုးလို အကယ်ဒမီထွက် အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင် လောင်းလျာကို အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားချင်မှာ သေချာပါတယ်။

ဒါပေမယ့် လီဗာပူးလ်အနေနဲ့ အာနိုးအပြင် အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက် အဓိက တိုက်စစ်ကစားသမား မိုဟာမက် ဆာလာတို့ကိုပါ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့လည်း ရှိနေသေးတာကြောင့် ဒီကစားသမား (၃)ဦးလုံးကို သက်တမ်းတိုးသွားနိုင်မလား ဒါမှမဟုတ် ကစားသမား (၁)ဦးလောက်ကို ချန်လှပ်သွားနိုင်မလားဆိုတာတော့ စောင့်ကြည့်သွားရပါမယ်။