လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးဟာ လက်ရှိ အခြေအနေတွေအရ အသင်းနဲ့ စာချုပ်သစ် တိုးမြှင့် ချုပ်ဆိုသွားရဖို့ထက် အသင်းကနေ ထွက်ခွာသွားရဖို့က ပိုမို နီးစပ်လာနေပြီလို့ အင်္ဂလန် နာမည်ကျော် သတင်းမီဒီ.ယာ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။
လီဗာပူးလ် အကယ်ဒမီထွက် ကစားသမားလေးကနေ လီဗာပူးလ်အတွက် အရေးအပါဆုံး ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့တဲ့ အာနိုးဟာ အခုဆိုရင် အသင်းရဲ့ ဒုတိယ ဦးစားပေး အသင်းခေါင်းဆောင်အထိ ဖြစ်နေပေမယ့်လည်း သူနဲ့ လီဗာပူးလ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ ဒီရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Photo Credit : TEAMtalk
အာနိုးလိုပဲ မိုုဟာမက် ဆာလာနဲ့ ဗာဂျယ်လ် ဗန်ဒိုက်တို့လည်း ဒီရာသီအကုန်မှာပဲ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ အဓိက ကစားသမား (၃)ဦးကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ လိုအပ်လာပါတော့တယ်။ လက်ရှိမှာတော့ လီဗာပူးလ်က အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ စာချုပ်ကိစ္စတွေ လုပ်ဆောင်နေပေမယ့် အာနိုးကို သက်တမ်းတိုးဖို့ကတော့ မလွယ်ကူနိုင်ဘူးလို့ သိရပါတယ်။
The Sun ကနေ ဖော်ပြလာချက်အရ လီဗာပူးလ်အသင်းဟာ တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းခွဲအထိ ပေးနေရတဲ့ မိုဆာလာနဲ့ တစ်ပတ်လုပ်ခ ပေါင် (၂)သိန်း(၂)သောင်း ပေးချေနေရတဲ့ ဗန်ဒိုက်တို့ထက် ကျော်လွန်ပြီး အာနိုးကို တစ်ပတ်လုပ်ခ ပိုမို တိုးမြှင့်ပေးသွားဖို့ အစီအစဉ် မရှိတာကြောင့် စာချုပ်သစ် ကိစ္စက ခက်ခဲရနိုင်ပါတယ်။
Photo Credit : Goal
အသက် (၂၆)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် နောက်ခံအစွန်လူ အာနိုးဟာ လက်ရှိ လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၁၈၀၀၀၀) ရရှိနေတာဖြစ်ပြီး တကယ်လို့ သူ့ကို စိတ်ဝင်စားနေတဲ့ ရီးယဲလ် မက်ဒရစ် ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းတွေဆီကိုသာ ပြောင်းရွှေ့မယ်ဆိုရင် အခု ရရှိနေတဲ့ တစ်ပတ်လုပ်ခထက် ပိုမို ရရှိသွားမှာ ဖြစ်ပါတယ်။
အာနိုးအနေနဲ့ လီဗာပူးလ်မှာ ဆက်ကစားဖို့ ပိုပြီး ဆန္ဒရှိနေပေမယ့်လည်း အသင်းဘက်က သူရဲ့ တစ်ပတ်လုပ်ခကို တိုးမြှင့် ကမ်းလှမ်းခြင်း မရှိရင်တော့ နွေမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာသွားဖွယ်သာ ရှိနိုင်ပြီး အာနိုးနည်းတူ ဆာလာကလည်း သူ့ကို သက်တမ်းတိုးမယ်ဆိုရင် တစ်ပတ်လုပ်ခကို တိုးမြှင့်ပေးဖို့ တောင်းဆိုလာဖွယ် ရှိနေပါတယ်။