နယ်သာလန် နာမည်ကြီးကလပ် ဖီယင်နုရဲ့ နည်းပြချုပ် ဖြစ်သူ အာနီ ဆလော့က သူဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ မော်ရင်ဟိုရဲ့ ရိုးမားနဲ့ မဟုတ်ပဲ အေဂျက်နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံချင်ခဲ့တာ ဖြစ်ကြောင်း ယူရိုပါလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာနီ ဆလော့ ဦးဆောင်နေတဲ့ ဖီယင်နုက ယခုနှစ် ဘောလုံးရာသီမှာ တိုက်စစ်စွမ်းဆောင်ရည် အတော်လေးကို ကောင်းနေကာ ပြီးခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာလည်း ဖီယင်နုက ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်ကို ၇-၁ ဆိုတဲ့ ရလဒ်နဲ့ စံချိန်တင် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: UEFA

ဖီယင်နုက ကွာတားဖိုင်နယ်မှာတော့ ပြီးခဲ့တဲ့နှစ် ယူရိုပါ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ဘက်ဟောင်း ရိုးမားနဲ့ ပြန်လည် တွေ့ဆုံခဲ့ပြီး ဖီယင်နုက သူတို့ရဲ့ ဗိုလ်လုပွဲရှုံးကြွေးကို ပြန်ဆပ်ဖို့ အခွင့်အရေး ရခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဖီယင်နုနည်းပြ အာနီ ဆလော့က သူဟာ ကွာတားဖိုင်နယ်မှာ ရိုးမားထက် မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံချင်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကသာ သူတို့နဲ့ ခြေရည်တူ ရှိတဲ့ အသင်းလို့ ယူဆထားကြောင်း ဆိုလာပါတယ်။

Photo Credit: UEFA

အာနီ ဆလော့က – “ရိုးမားက ပြိုင်ဘက်ကောင်း ဖြစ်သလို ကျွန်တော်တို့နဲ့ ရိုးမားက တိုက်ပွဲကောင်း တခုကို ယှဉ်ပြိုင် တိုက်ခိုက်ရတော့မှာပါ။ ဒါပေမယ့် ကျွန်တော်က ကွာတားဖိုင်နယ်မှာ တခြားအသင်းတွေနဲ့ တွေ့ဆုံချင်ခဲ့တာပါ။ ကျွန်တော်က ကျွန်တော်တို့နဲ့ ခြေစွမ်းခြေစချင်း တူညီတဲ့ အသင်းနဲ့ တွေ့ဖို့ မျှော်လင့်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ကျွန်တော်တို့နဲ့ ခြေစွမ်းခြေစချင်း တူညီသလို ငွေကြေးအင်အားလည်း တောင့်တင်းပါတယ်။ ဒါပေမယ့် ရိုးမားကလည်း ကျွန်တော်တို့အတွက် လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲပြီးကတည်းက သူတို့ကလည်း ဒိုင်ဘာလာ ၊ မာတစ် ၊ ဝစ်နယ်ဒန်နဲ့ ဘယ်လော့တီတို့လို ကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့တယ်လေ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။