လီဗာပူးလ်နည်းပြ အာနေး စလော့က မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဟူဂို အီကီတီကေးကို မလိုအပ်ဘဲ တုံးအတဲ့ အနီကတ်ရယူခဲ့မှုအတွက် ဒေါသတကြီး ဝေဖန်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အနိုင်ဂိုးအတွက် ဂုဏ်ပြုမှုအားလုံးကို အတ္တမကြီးဘဲ ဖန်တီးပေးခဲ့တဲ့ ဖက်ဒရစ်ကို ခီယေဆာကိုသာ ပေးသင့်တယ်လို့လည်း နည်းပြက ဆိုပါတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဒုတိယပိုင်းစစချင်း အလက်ဇန်းဒါး အီဆက်အစား ဝင်ရောက်လာခဲ့တဲ့ အီကီတီကေးဟာ နောက်ဆုံးမိနစ်မှာ ခီယေဆာရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်ပွဲခံချိန်မှာ အင်္ကျီချွတ်ခဲ့တာကြောင့် ဒုတိယအဝါကတ်နဲ့အတူ ကွင်းထဲက ထွက်ခွာခဲ့ရပြီး သူရဲကောင်းဘဝကနေ စက္ကန့်ပိုင်းအတွင်းမှာပဲ ဗီလိန်ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Goal

ပွဲအပြီးမှာတော့ နည်းပြ စလော့က အီကီတီကေးရဲ့လုပ်ရပ်ကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ “ဒါက မလိုအပ်ဘဲ တုံးအတဲ့ လုပ်ရပ်ပဲ။ ပထမအဝါကတ်ကတည်းက မလိုအပ်ဘူး။ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရမယ်။”

“ကျွန်တော်သာဆိုရင် အဲ့ဒီလိုဂိုးမျိုးသွင်းပြီးရင် ဖက်ဒရစ်ကို ခီယေဆာဆီကို လမ်းလျှောက်သွားပြီး ‘ဒီဂိုးက မင်းကြောင့်ရတာ၊ ငါ့ကြောင့်မဟုတ်ဘူး’ လို့ ပြောမိမှာပဲ။ ဒီလုပ်ရပ်က မလိုအပ်ဘူး၊ မပါးနပ်ဘူး၊ ခင်ဗျားတို့က တုံးတယ်လို့ ပြောချင်ပြော ကျွန်တော်လည်း ဒါကို တုံးတယ်လို့ပဲ ချက်ချင်းပြောခဲ့တယ်။” လို့ စလော့က ဆိုပါတယ်။

Photo Credit : The Liverpoool Offside

နည်းပြရဲ့ ဝေဖန်မှုအပြီးမှာတော့ အီကီတီကေးက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိသတ်တွေကို အခုလို တောင်းပန်ခဲ့ပါတယ်။ “ဒီည ကျွန်တော့်စိတ်ခံစားချက်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့ပါတယ်။ Red family အားလုံးကို တောင်းပန်ပါတယ်။ အမြဲတမ်းအားပေးနေတဲ့ ပရိသတ်တွေနဲ့ ဒီနိုင်ပွဲကို ရယူပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။” လို့ သူက ရေးသားခဲ့ပါတယ်။

ဒီအနီကတ်ကြောင့် အီကီတီကေးဟာ လာမယ့် စနေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ပါတယ်။ ပွဲအစပိုင်းမှာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပေးခဲ့တဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အလက်ဇန်းဒါး အီဆက်ကတော့ သူ့ရဲ့အသင်းဖော် ပွဲပယ်ခံရတာကြောင့် လာမယ့်ပွဲစဉ်မှာ ပွဲထွက်ခွင့်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ် ရှိနေပါတယ်။