လီဗာပူးလ်အသင်းရဲ့နည်းပြ အာနေး ဆလော့က သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အလက်ဇန်းဒါး အီဆက်ခ်ကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ရင်တောင် လက်ရှိလူစာရင်းရဲ့ တိုက်စစ်အင်အားဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လုံလောက်မှုရှိကြောင်း အခိုင်အမာ ပြောကြားလိုက်ပါတယ်။
လီဗာပူးလ်အသင်းဟာ နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်သို့ သွားရောက်ကစားရမှာဖြစ်ပြီး အီဆက်ခ်ရဲ့ အသင်းပြောင်းရွှေ့လိုမှုအပေါ် ဒေါသထွက်နေတဲ့ ဒေသခံပရိသတ်တွေရဲ့ အပြင်းအထန် ဆန့်ကျင်မှုကို ရင်ဆိုင်ရဖို့အတွက် ဆလော့က ကြိုတင်ပြင်ဆင်ထားပါတယ်။ လီဗာပူးလ်ရဲ့ ပေါင် သန်း(၁၁၀)တန် ကမ်းလှမ်းမှုကို ပြီးခဲ့တဲ့လက ပယ်ချခံခဲ့ရပြီးနောက် အပြောင်းအရွှေ့မပိတ်မီ ကမ်းလှမ်းမှုအသစ် ပြုလုပ်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Photo Credit : Rousing The Kop
ဒါပေမယ့် နည်းပြဆလော့ကတော့ သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ လုံလုံလောက်လောက်ရှိတယ်လို့ ယုံကြည်နေပါတယ်။ ဒီသုံးသပ်ချက်က အချို့သော ပရိသတ်တွေအတွက်တော့ အံ့အားသင့်စရာ ဖြစ်နိုင်ပါတယ်။ ဟူဂို အီကီတီကီ၊ မို ဆာလာ ဒါမှမဟုတ် ကိုဒီ ဂတ်ပိုတို့ထဲက တစ်ဦးဦး ဒဏ်ရာရသွားမယ်ဆိုရင် အသင်းအတွက် ပျက်စီးသွားစေနိုင်လောက်အောင် အင်အားနည်းသွားနိုင်ပြီး ဆာလာကိုယ်တိုင်ကလည်း အာဖရိကဖလားပြိုင်ပွဲကြောင့် (၇)ပွဲလောက်အထိ လွဲချော်ဦးမှာဖြစ်လို့ပါပဲ။
ဒါပေမဲ့ ဆလော့ကတော့ အရာအားလုံးကို အလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်နေပြီး ကစားသမားသစ် ဖလိုရီယန် ဝါ့ဇ် ရောက်ရှိလာခြင်းက လီဗာပူးလ်အတွက် အသွင်ပြောင်းပေးနိုင်လိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ ဝါ့ဇ်ဟာ ‘false nine’ အပါအဝင် တိုက်စစ်နေရာစုံမှာ ပါဝင်ကစားနိုင်သူလည်း ဖြစ်ပါတယ်။
Photo Credit : Liverpool FC
“ခင်ဗျား ဘယ်လိုရှုထောင့်က ကြည့်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဖလိုရီယန် ဝါ့ဇ်ကို တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ထည့်တွက်မယ်ဆိုရင် (၅)ယောက်အထိ ရှိလာမှာပါ။ ဟုတ်တယ်၊ ကျွန်တော်တို့ ဒါဝင် (နူနက်ဇ်) ကို ရောင်းပြီး ဟူဂို (အီကီတီကီ) ကို ခေါ်ခဲ့တယ်။ လူချို (ဒီယက်ဇ်) ထွက်သွားတဲ့နေရာမှာ ဖလိုရီယန်ကို အစားထိုးတယ်လို့ မြင်နိုင်ပါတယ်။”
“ဒီယိုဂို (ဂျိုတာ) ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒီလိုကြည့်ရင်တော့ မလုံလောက်ဘူးလို့ ထင်နိုင်ပေမယ့်၊ ဂျယ်ရမီ ဖရင်ပေါင်သာ ကြံ့ခိုင်နေရင် သူကလည်း တောင်ပံကစားသမားအဖြစ် ကစားနိုင်တဲ့ ရွေးချယ်စရာတစ်ခုပါ။ ဒါဆို ကျွန်တော်တို့မှာ တိုက်စစ်မှူး ၆ ယောက်အထိ ရှိသွားပါပြီ။” လို့ ဆလော့က ဆိုပါတယ်။