စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ဗဟိုနောက်ခံလူ အာရူဟိုက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်ကလပ်စီကိုဒါဘီမှာ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ရတာဟာ ရသင့်တဲ့ ပင်နယ်တီ တလုံး မရခဲ့လို့ ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က လာလီဂါ ပွဲစဉ်(၁၁) အဖြစ် ဘာစီလိုနာရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ အနိုင် ၃မှတ် ရရှိရေး အတွက် ရေကုန်ရေခမ်း ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ဘာစီလိုနာက ၅-၃-၂ ကစားကွက်ကို အသုံးပြုကာ ပွဲထွက်လာခဲ့ပြီး တိုက်စစ်ကို ဖာရန်း တောရက်စ်နဲ့ ဂျာအို ဖီးလစ်တို့ ဦးဆောင် ကစားခဲ့ကာ ဂါဗီ ၊ လိုပက်ဇ်နဲ့ ဂန်ဒိုဂန်တို့က ကွင်းလယ်ကို ထိန်းကျောင်းခဲ့ကြပြီး ကန်ဆယ်လို ၊ အာရူဟို ၊ ခရစ်တန်ဆန် ၊ မာတီနက်ဇ်နဲ့ ဘယ်လ်ဒီတို့က ခံစစ်ကြောင်းကို တာဝန်ယူခဲ့ကြပါတယ်။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်က ၄-၁-၂-၁-၂ ဆိုတဲ့ နည်းပြချုပ် အန်ဆလော့တီရဲ့ နာမည်ကျော် စိန်ပွင့်ကစားကွက်ကို ထုတ်သုံးကာ ဘာစီလိုနာကို ယှဉ်ပြိုင် ကစားခဲ့ပြီး ဗီနီးစီးယပ်စ်နဲ့ ရိုဒရီဂိုတို့က ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့ကြကာ ဘယ်လင်ဟမ် ၊ ခရူးစ် ၊ ဗယ်ဗာဒီနဲ့ ချူအာမီနီတို့က ကွင်းလယ်ကို တာဝန်ယူခဲ့ကြပြီး ခံစစ်ပိုင်းမှာတော့ မန်ဒီ ၊ အလာဘာ ၊ ရူဒီဂါနဲ့ ကာဗာဂျယ်တို့က ကစားခဲ့ကြပါတယ်။

နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ပြီး ပွဲချိန် ၆မိနစ်မှာပဲ ဂန်ဒိုဂန်က ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နှစ်သင်းစလုံးက တဖက်နဲ့ တဖက် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြပြီး ပွဲချိန် ၆၈မိနစ်နဲ့ ၉၀+၂မိနစ်တို့မှာ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ် အတွက် အဖိုးတန် သွင်းဂိုး ၂ဂိုး သွင်းယူပေးခဲ့ကာ ဧည့်သည်အသင်း အတွက် အနိုင် ၃မှတ် ရယူပေးခဲ့ပါတယ်။

Photo Credit: Marca

သူတို့ရဲ့ အကောင်းဆုံး ကစားဟန်ကို ပြသနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုး ၂ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပြီး​နောက် ဘာစီလိုနာရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ အာရူဟိုက ၁-၀ ဆိုတဲ့ ရလဒ် ဖြစ်နေချိန်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ချူအာမီနီက သူ့ကို ဆောင့်တွန်းခဲ့မှု အတွက် ပင်နယ်တီ ရခဲ့သင့်ကြောင်းနဲ့ အဆိုပါ ပင်နယ်တီသာ ရခဲ့ရင် သူတို့အသင်းဟာ နိုင်ပွဲ ရနိုင်ကြောင်း ဆိုလာပါတယ်။

အာရူဟိုက – “ချူအာမီနီဟာ ကျွန်တော့်ကို ဆောင့်တွန်းခဲ့ပါတယ်။ အဲ့ဒီအတွက် ပင်နယ်တီ ရခဲ့သင့်ပါတယ်။ ကွင်းလယ်ဒိုင်က အဲ့ဒီဖြစ်ရပ် အတွက် VARကို ကြည့်ခဲ့သင့်ပါတယ်။ တကယ်လို့ အဲ့ဒီ ပင်နယ်တီသာ ရခဲ့ရင် ကျွန်တော်တို့က ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့မှာပါ။ အဲ့ဒီဖြစ်ရပ်က ပွဲကို အများကြီး ပြောင်းလဲသွားစေနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။