ပြီးခဲ့တဲ့ သောကြာနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အီရန် ၁-၀ ဥရုဂွေး ပွဲစဉ်မှာ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ ဘာစီလိုနာရဲ့ ဗဟိုနောက်ခံလူ အာရူဟိုဟာ ပေါင်တွင်းကြော စုတ်ပြဲဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေကာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ဖို့ ရာခိုင်နှုန်း များပြားနေကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဗဟိုခံစစ်မှူး အာရူဟိုက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၇ပွဲ အထိ ပါဝင် ကစားပေးထားသလို အဆိုပါ ၇ပွဲမှာ ပေးဂိုးမရှိတဲ့ပွဲ ၆ပွဲ အထိ ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Marca

ဒါကြောင့်ပဲ အာရူဟိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဥရုဂွေးအသင်း အတွက် အရေးပါတဲ့ ခံစစ်ကျောက်ဆောင် ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပေမယ့် ကံမကောင်းစွာနဲ့ပဲ အာရူဟိုဟာ အီရန်နဲ့ ဥရုဂွေးတို့ရဲ့ ခြေစမ်းပွဲမှာ ဝင်ရောက် ကစားရင်း ပြင်းထန်တဲ့ ပေါင်တွင်းကြောဒဏ်ရာ ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာရူဟိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ဘာစီလိုနာရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ အာရူဟိုရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ အာရူဟိုဟာ ပေါင်တွင်းကြော စုတ်ပြဲဒဏ်ရာကို ရရှိခဲ့တာကို စစ်ဆေး တွေ့ရှိကြောင်းနဲ့ ဘာစီလိုနာ ဆေးအဖွဲ့က အာရူဟိုရဲ့ ဒဏ်ရာကို အနီးကပ် လေ့လာ စောင့်ကြည့်ကာ ကုသမှုတွေ ပေးနေကြောင်း ပါဝင်ပါတယ်။

Photo Credit: Marca

နာမည်ကြီး ကတ်တလန်တာ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ ကတ်တလန်ရေဒီယို သတင်းဌာနရဲ့ ဖော်ပြချက်အရ အာရူဟိုဟာ ပေါင်တွင်းကြော စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူရဖို့ ရှိနေသလို ဘာစီလိုနာက အာရူဟိုရဲ့ ဒဏ်ရာကို ခွဲစိတ်မှု လုပ်သင့် ၊ မလုပ်သင့် စဉ်းစားနေပြီး အကယ်၍ ခွဲစိတ်မှု လုပ်ခဲ့မယ် ဆိုရင်တော့ အာရူဟိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သေချာပေါက် လွဲချော်ရတော့မယ်လို့ သိရပါတယ်။

ဥရုဂွေးနဲ့ နီးစပ်သူတွေကတော့ ဥရုဂွေးရဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အာရူဟိုကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ခေါ်ဆောင်သွားချင်တာကြောင့် အာရူဟိုရဲ့ အနေအထားနဲ့ ပတ်သတ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လူစာရင်း ပေးသွင်းရမယ့် နောက်ဆုံးအချိန် အထိ စောင့်ကြည့်သွားမယ်လို့ ဆိုထားကြပါတယ်။