ရီးယဲလ် ဘက်တစ်စ် တောင်ပံကစားသမား အန်တိုနီဟာ မနေ့ညက ဂီတာဖေးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် လာမယ့် ရီးယဲလ် မက်ဒရစ်နဲ့ လာလီဂါပွဲစဉ်ကို လွဲချော်သွားရတော့မှာ ဖြစ်ပါတယ်။
ဆောင်းဈေးကွက်တုန်းကမှ မန်ချက်စတာ ယူနိုက်တက်ကနေ ဘက်တစ်အသင်းဆီ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ဘက်တစ်စ်အတွက် ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် ဂီတာဖေးနဲ့ပွဲ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဂျူအန် အီဂလီဆီယက်စ်ကို လျှောတိုက်ဖျက်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရပါတယ်။
Photo Credit : Youtube
အန်တိုနီဟာ ဒီပွဲစဉ်မှာ အစ္စကိုရဲ့ အဖွင့်ဂိုးအတွက် ဂိုးဖန်တီးမှု လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှ ရမ်းသမ်း ပြုမှုမိတဲ့ သူ့အပြုအမူဟာ သူ့အတွက်ရော အသင်းအတွက်ပါ နစ်နာသွားစေခဲ့ရပါတယ်။ ပွဲပြီးခါနီး ထုတ်ပယ်ခံရတာက အသင်းရလဒ်အပေါ် ထိခိုက်ခြင်း မရှိပေမယ့်လည်း လာမယ့်ပွဲအတွက်ကတော့ ထိုးနှက်ချင် ဖြစ်စေရပါတယ်။
ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိလို့ ဆီဗီလာ အခြေစိုက် ကလပ်ဆီ အငှားနဲ့ ရောက်လာတဲ့ အန်တိုနီဟာ ပါဝင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၆)ပွဲမှာ (၃)ပွဲ အနိုင်ရရှိပြီး (၂)ပွဲသရေကျကာ (၁)ပွဲရှုံးခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ် ကစားသမားဟာ ဘက်တစ်အတွက် (၃)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ပေးထားသလို (၃)ပွဲဆက်တိုက်ထိ Man of the Match လည်း ရရှိခဲ့ပါသေးတယ်။
Photo Credit : Goal
ဒီလို အသင်းအတွက် ထူးရှယ် ခြေစွမ်းပြသထားနိုင်တဲ့ အန်တိုနီအနေနဲ့ လာမယ့် မတ်လ(၂)ရက်နေ့ ရီးယဲလ် မက်ဒရစ်ကို ဧည့်ခံကစားရမယ့် လာလီဂါပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိတော့တာက အန်တိုနီအတွက်ရော ဘက်တစ်အတွက်ပါ နစ်နာစေနိုင်မှာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ ဒီနောက်ပိုင်းပွဲစဉ်တွေထဲ ကစားသမား ထုတ်ပယ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ကြားရက်က ဘယ်လ်ဂျီယံကလပ် ဂျန့်အသင်းနဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့ ဒုတိယအကျော့ပွဲစဉ်မှာလည်း တိုက်စစ်ကစားသမား ဗစ်တာ ရိုကေးပါ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ ရှုံးထွက် (၁၆)သင်းအဆင့်ပွဲကို လွဲချော်ရပါတော့မယ်။