မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ လက်ရှိ အချိန်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ အန်တိုနီနဲ့ ပတ်သက်ပြီး အန်တိုနီဟာ အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုး ပြန်လည် ပြသနိုင်ဖို့ လိုအပ်တယ်လို့ သတိပေး ပြောဆိုလိုက်ပါတယ်။

တန်ဟက်ဂ်ဟာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ စတင် ပြောင်းရွှေ့ချိန်ကတည်းက အေဂျက်စ်မှာ ကျန်ခဲ့တဲ့ သူ့တပည့်ဟောင်းတွေကို ခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပြီး လီဆန်ဒရို မာတီနက်ဇ် နဲ့ အန်တိုနီတို့ကို ခေါ်ယူသွားခဲ့ပါတယ်။

Photo Credit : Stretty News

ဒါပေမယ့် မာတီနက်ဇ်က အသင်းမှာ အံ့ဝင်အောင် ကစားနိုင်သလောက် အန်တိုနီကတော့ လက်ရှိ အချိန်ထိ အသင်းမှာ ခြေစွမ်းပြနိုင်ဖို့ အတော်လေး ရုန်းကန်နေရပါတယ်။ ဒီလို အခြေအနေနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “အန်တိုနီရဲ့ ကွင်းပြင်ပ ပြသာနာတွေက သူ့ကို ဘောလုံးကစားခြင်းကနေ ခဏတာလောက် ရပ်တန့်စေခဲ့တယ်။”

“ဒါတွေက သူ့အပေါ်မှာ သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် သူ့အနေနဲ့ ဒါတွေကို သေသေချာချာ ကိုင်တွယ်သွားရပါမယ်။ ကျွန်တော်တို့ဘက်ကနေလည်း သူ့ကို ပံ့ပိုးပေးမှုတွေ အများကြီး လုပ်ဆောင်ပေးနေသလို သူ့ဘက်ကနေလည်း ဒီထက်မက ပိုကောင်းလာအောင် လုပ်ဆောင်သွားရပါမယ်။”

Photo Credit : TEAMtalk

“အေဂျက်စ်မှာတုန်းကတော့ သူက အသင်းအတွက် အကောင်းဆုံး ထိရောက်အောင် ကစားပေးနိုင်ခဲ့တယ်။ အဆုံးသတ်တွေ ၊ အဓိကကျတဲ့ actions တွေနဲ့ passes တွေ ၊ ဖြတ်တင်ဘောတွေ သေချာလေး လုပ်ဆောင်နိုင်ခဲ့တယ်။”

“ဒီလို အဆင့်အတန့်မျိုးကို သူ ပြန်လည် ပြသသွားနိုင်ရမယ်။ ပရီးမီးယားလိဂ်က ပိုမို ခက်ခဲတဲ့ လိဂ်တစ်ခု ဖြစ်ပေမယ့်လည်း ဒီလိဂ်ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီအောင် လုပ်ဆောင်သွားရပါမယ်။” လို့ သတိပေးလိုက်ပါတယ်။