မန်ချက်စတာ ယူနိုက်တက်အသင်းကနေ အငှားထွက်ကစားနေသူ အန်တိုနီဟာ ရိုကလောမြို့မှာ ချယ်လ်ဆီးအသင်းက နောက်ကနေလိုက်ပြီး သူ့ရဲ့ရီးရဲလ် ဘက်တစ်အသင်းကို ၄-၁ နဲ့ အနိုင်ယူကာ ကွန်းဖရန့်စ်လိဂ်ဖလား ဆွတ်ခူးသွားတာကို တားဆီးနိုင်စွမ်း မရှိခဲ့တဲ့နောက် မျက်ရည်များနဲ့အတူ စိတ်ထိခိုက် ကျန်ရစ်ခဲ့ပါတယ်။

ဘရာဇီးလ် တောင်ပံကစားသမားဟာ ဇန်နဝါရီလက စပိန်ကို အငှားထွက် ကစားခဲ့ချိန်ကစပြီး ခြေစွမ်းပြောင်မြောက်နေခဲ့ကာ (၉)ဂိုးသွင်း (၅)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းက သူ့ကို အေဂျက်စ်ကနေ ပေါင်(၈၆)သန်းအထိပေးပြီး ခေါ်ယူခဲ့စဉ်က ခြေစွမ်းမျိုးကို တစ်စိတ်တစ်ပိုင်း ပြန်လည်ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲမတိုင်ခင် ထင်ကြေးပေးမှုတွေ ဘယ်လိုပဲရှိခဲ့ရှိခဲ့ ဘရာဇီးလ်သားဟာ ဗိုလ်လုပွဲအပေါ် သက်ရောက်မှု ကြီးကြီးမားမား မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

Photo Credit : Metro

ဘက်တစ်အသင်းဟာ အက်ဘ်ဒီ အက်ဇယ်ဇူလီရဲ့ ပွဲချိန်(၉)မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးနဲ့ ပွဲကိုဦးဆောင်နိုင်ခဲ့ပြီး (၆၅)မိနစ်အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်းမှာတော့ (၂၅)မိနစ်အတွင်း (၄)ဂိုးဆက်တိုက် ပြန်ပေးခဲ့ရပြီး အန်ဇို ဖာနန်ဒက်ဇ်၊ နီကိုးလပ်စ် ဂျက်ဆင်၊ ဂျေဒန် ဆန်ချိုနဲ့ မွိုက်စ် ကိုင်ဆေးဒိုတို့က ချယ်လ်ဆီးအတွက် ဂိုးတွေသွင်းယူသွားခဲ့ကြပါတယ်။

ပွဲပြီးဆုံးကြောင်း ခရာမှုတ်လိုက်ချိန်မှာတော့ အန်တိုနီဟာ မျက်ရည်များကျဆင်းကာ ဝမ်းနည်းပူဆွေးခဲ့ပြီး သူ့ကို ယူနိုက်တက် အသင်းဖော်ဟောင်း ဆန်ချိုက ပွေ့ဖက်နှစ်သိမ့်ခဲ့ပါတယ်။ အန်တိုနီဟာ ဘက်တစ်အသင်းကို သူဘယ်လောက် ချစ်မြတ်နိုးကြောင်းနဲ့ ယူနိုက်တက်မှာ ရှိတုန်းက သူ့ရဲ့ သားလေးနဲ့တောင် ကစားပေးဖို့ အားအင်မရှိခဲ့ဘဲ ရက်ပေါင်းများစွာ အစာမစားဘဲ အခန်းထဲမှာပဲ ပိတ်လှောင်နေခဲ့ရကြောင်း အဲ့ဒီလို အမှောင်ကျခဲ့တဲ့ နေ့ရက်တွေကနေ ဆီဗီးလ်မြို့ကို ရောက်ရှိလာပြီးနောက်ပိုင်း သူဘယ်လောက် ပျော်ရွှင်ခဲ့ရကြောင်း ပြောပြဖူးပါတယ်။

Photo Credit : GiveMeSport

ပယ်လီဂရီနီရဲ့အသင်းက အသက်(၂၅)နှစ်အရွယ် ကစားသမားကို ဆက်ထိန်းထားလိုပေမဲ့ ပေါင်သန်း(၃၀) ကနေ (၃၅)သန်းဝန်းကျင်အထိ သုံးစွဲရမှာဖြစ်ပြီး သူ့ကိုခေါ်ယူဖို့ တခြားအသင်းတွေရဲ့ ကြားဖြတ်လုယူမှုတွေကိုလည်း ကာကွယ်ရဦးမှာဖြစ်လို့ အန်တိုနီရဲ့အနာဂတ်က မရေရာတဲ့အခြေအနေမှာ ရှိနေပါတယ်။ ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာတော့ အန်တိုနီက သူကိုယ်တိုင်လည်း ဘာမှပိုမသိသေးကြောင်း ဝန်ခံခဲ့ပါတယ်။

“အနာဂတ်မှာ ဘာဖြစ်လာမလဲ ကျွန်တော်မသိပါဘူး။ ဘုရားသခင်ပဲ သိမှာပါ။ ကျွန်တော့်အလုပ်က ဘောလုံးကစားဖို့ပဲဖြစ်ပြီး ကျွန်တော် ကောင်းကောင်း လုပ်ဆောင်နေပါတယ်။ ဘက်တစ်အသင်းကို အသင်းက လူတိုင်းကို ကျွန်တော် အရမ်းချစ်ခင် တွယ်တာမိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မန်ယူနိုက်တက်နဲ့ စာချုပ်ရှိနေပြီး ဘာဆက်ဖြစ်မလဲ ကျွန်တော်မသိပါဘူး။ အခုတော့ ကျွန်တော် လက်ရွေးစင်အသင်းဆီ သွားမယ်။ ပြီးရင် အားလပ်ရက်ယူမယ်။ ပြီးမှ အနာဂတ်မှာ ဘာဖြစ်လာမလဲ ကြည့်ရမှာပါပဲ။ ကျွန်တော် ဒီမှာ အရမ်းပျော်ပါတယ်။ ဒါကို လူတိုင်းသိပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ စာချုပ်ရှိနေတယ်လေ” လို့ သူက ဆိုပါတယ်။

ချယ်လ်ဆီးရဲ့အောင်ပွဲအတွက် ဂုဏ်ပြုစကားဆိုခဲ့ပေမဲ့ အန်တိုနီက ဘက်တစ်အသင်းဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်သင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။ “အခုချိန်မှာတော့ ဘာစကားမှ ပြောဖို့ခက်ပါတယ်၊ ဒီဗိုလ်လုပွဲရဲ့ အရေးပါပုံကို ကျွန်တော်တို့သိပေမဲ့ ရှုံးခဲ့ရပါတယ်။ ချယ်လ်ဆီးကို ဒီဖလားအတွက် ဂုဏ်ပြုပါတယ်။ အာရုံစူးစိုက်မှုက ကျွန်တော်တို့ရဲ့ ကျဆုံးရခြင်းအကြောင်းရင်းပါပဲ။ ပထမပိုင်းက ကောင်းမွန်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု မရှိခဲ့ပါဘူး။ ဘောလုံးပွဲဆိုတာ မိနစ်(၉၀) ကစားရတာဖြစ်ပြီး ကျွန်တော်တို့ ပွဲချိန်တစ်လျှောက်လုံး အာရုံမစိုက်နိုင်ခဲ့ဘူးဆိုတာကို သတိရဖို့လိုပါတယ်” လို့ အန်တိုနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။