မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ညာတောင်ပံကစားသမား အန်တိုနီက ယူနိုက်တက် ကစားသမားတွေထဲကမှ ဒီယိုဂို ဒါလော့က သူ့ကို အမြဲတမ်း အကူအညီ ပေးတက်လေ့ရှိတဲ့ အသင်းဖော်တစ်ဦး ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရို သန်း(၁၀၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်မှာတော့ အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုး ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပုံမှန် ခြေစွမ်းပြဖို့တောင် ခက်ခဲနေခဲ့ရပါတယ်။

Photo Credit : Manchester United

ဒီရာသီမှာလည်း အန်တိုနီက ခြေစွမ်းမပြနိုင်တာကြောင့် ဂါနာချိုကပါ သူ့ကို ကျော်ပြီး အသင်းမှာ ပွဲကစားတွေ ပိုမို ရရှိလာခဲ့သလို အသင်းက လာမယ့်နွေမှာပဲ အန်တိုနီကို ရောင်းထုတ်သွားနိုင်ဖွယ်တောင် ရှိနေပြီဆိုတဲ့ သတင်းလည်း ထွက်ပေါ်နေခဲ့ပါတယ်။

ဒါပေမယ့် အန်တိုနီဟာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာပဲ အသင်းအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူခဲ့ပြီး ဒီဂိုးကြောင့်ပဲ အန်တိုနီက သူရဲ့ခြေစွမ်းအပေါ် ယုံကြည်မှု ပြန်တည်နိုင်ခဲ့သလို ပွဲကစားခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်သွားဖို့ပါ အခြေအနေ ပိုကောင်းသွားခဲ့ရပါတယ်။

Photo Credit : 101 Great Goals

အန်တိုနီက သူအသင်းမှာ ရုန်းကန်နေရချိန် သူ့ကို အသင်းဖော် ဒါလော့က အများဆုံး ကူညီသူဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ “အသင်းမှာဆိုရင် ကျွန်တော်က ဒါလော့နဲ့ စကားအများကြီး ပြောဖြစ်တက်ကြပါတယ်။ သူက ကျွန်တော့်အတွက်ဆိုရင်တော့ အသင်းဖော်တစ်ဦး သူငယ်ချင်းတစ်ဦး ဆိုတာထက် ပိုမိုပါတယ်။ နေ့တိုင်းလည်း ကျွန်တော့်ကို ကူညီပေးနေတက်တယ်။ ကျွန်တော်တို့ကြားမှာ အမြဲတမ်း ပြောလေ့ရှိတာ စကားကတော့ သည်းခံနိုင်တဲ့သူသာ ပိုသာလွန်တယ် ဆိုတဲ့စကားပါပဲ။”

“သူ့ဆီကနေ ရရှိလာတဲ့ အကြံညဏ်တွေက ကျွန်တော့်အတွက် တကယ် အကျိုးရှိစေရတယ်။ ပွဲတွေ အများကြီး မကစားဖြစ်ရချိန်မျိုးမှာ ဒါလော့က သူလည်း ဒီလိုမျိုး အခြေအနေတွေ ကြုံခဲ့ဖူးတာမို့ ကျွန်တော် ဆက်ပြီး ကြိုးစားနေဖို့နဲ့ မှန်ကန်တဲ့ အရာတွေ လုပ်နေတဲ့သူဟာ မှန်ကန်တဲ့ အရာတွေပဲ ဖြစ်လာလိမ့်မယ်လို့ပါ ကျွန်တော့်ကို အမြဲ တိုက်တွန်း အကြံပေးတယ်။” လို့ အန်တိုနီက ဖွင့်ဟသွားခဲ့ပါတယ်။