နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်သူ အန်တိုနီကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းခွင့် ပေးဖို့ အေဂျက်ထံ တောင်းဆိုထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ တဦး ဖြစ်ကာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Ruetir

ဒါကြောင့်ပဲ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်းကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ယူချင်နေသလို အန်တိုနီ ကိုယ်တိုင်ကလည်း ဘရာဇီးလ်နဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့ အေဂျက်ထက် ပိုပြီး ကျော်ကြားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကာ ဆရာရင်း တန်ဟက်ဂ်နဲ့ လက်တွဲချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အန်တိုနီက ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အပြီးသတ် ဆုံးဖြတ်ချက် ချထားပြီး အေဂျက်ရဲ့ တာဝန်ရှိသူတွေကိုလည်း သူ့အား အတင်းအကျပ် အသင်းမှာ ဆက်မနေခိုင်းနဲ့ အသင်းပြောင်းခွင့် ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

Photo Credit: Ruetir

အေဂျက်ကတော့ အန်တိုနီကို လက်မလွှတ်လိုပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းမှာ ဆက်မနေချင်တာကြောင့် အန်တိုနီကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေကာ အေဂျက်ဟာ အန်တိုနီ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း လိုချင်နေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက အသီးသီး ဖော်ပြထားကြပါတယ်။

တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာရဲ့ ကွင်းလယ်ကြယ်ပွင့် ဒီဂျောင်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး ဒီဂျောင်ကို ခေါ်ယူပြီးတာနဲ့ အန်တိုနီ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။