လာမယ့် နွေဈေးကွက်အတွင်း မန်ချက်စတာ ယူနိုက်တက်အသင်း ရောင်းထုတ်သွားချင်နေတဲ့ ကစားသမားစာရင်းထဲမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ညာတောင်ပံကစားသမား အန်တိုနီ ဆန်းတို့စ်ပါ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီဟာ မနှစ်က ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုအချိန်ထိ အသင်းအတွက် စွမ်းဆောင်မှုကောင်းတွေ မယ်မယ်ရရ ပြသနိုင်ခြင်း မရှိပဲ ရုန်းကန်နေရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာဆိုရင်လည်း သူ့ဆရာအရင်းဖြစ်သူ နည်းပြ အဲရစ် တန်ဟက်ဂ် ကိုယ်တိုင်ကပါ အန်တိုနီကို အသင်းလူစာရင်းမှာ သိပ်နေရာမပေးတော့ပဲ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး (၅)ပွဲမှာတင် စုစုပေါင်း ပွဲချိန် (၁၉)မိနစ်လေးပဲ ပါဝင်ကစားထားခဲ့ရပါတယ်။

တန်ဟက်ဂ်ကလည်း အန်တိုနီဟာ အရည်အသွေးကောင်းတွေ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူ ဖြစ်ပေမယ့် သူရဲ့အရည်အချင်းတွေ ဘယ်လောက်အထိ ရှိနေသလဲ ဆိုတာကို သက်သေပြသသွားဖို့ လိုအပ်နေပြီဆိုပြီး သတိပေးထားခဲ့ပါသေးတယ်။

Photo Credit : The Telegraph

ဒါပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)နီးပါးလောက် အသုံးပြုပြီး ခေါ်ယူထားရတဲ့ ကစားသမားက အသင်းမှာ (၂)နှစ်လောက်အထိ ကစားနေတာတောင် ခြေစွမ်းမပြနိုင်သေးတဲ့အပေါ် စိတ်ပျက်လျက် ရှိနေပြီး ပြန်လည် ရောင်းထုတ်သွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

ယူနိုက်တက်က အန်တိုနီအတွက် ကမ်းလှမ်းလာမှုတွေ ရှိလာခဲ့ရင် လက်ခံ ဆွေးနွေးသွားဖို့ ရှိနေတာကြောင့် အန်တိုနီအနေနဲ့ ဒီရာသီ မကုန်ဆုံးခင် ကစားခွင့်ရတဲ့ အချိန်တိုင်း အသင်းအတွက် တစ်ခုခု စွမ်းဆောင်ပြဖို့ လိုအပ်နေပြီး အဲ့ဒီလိုမှ မဟုတ်ရင်တော့ လာမယ့်နွေမှာပဲ ယူနိုက်တက်နဲ့ လမ်းခွဲသွားရနိုင်ပါတယ်။