ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တုန်းက မန်ချက်စတာ ယူနိုက်တက်ကနေ ရီးယဲလ် ဘက်တစ်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကတော့ စပိန်လာလီဂါ (၃)ပွဲအထိ ကစားလို့အပြီးမှာပဲ Man of the Match (MOTM) ဆုကို (၃)ပွဲလုံး ရယူထားနိုင်ခဲ့ပါတယ်။
အသက်(၂၄)နှစ်အရွယ် ညာတောင်ပံကစားသမားဟာ ၂၀၂၂ခုနှစ်ကမှ အေဂျက်စ်ကနေ မန်ယူနိုက်တက်အသင်းဆီကို နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ သူရဲ့ ပွဲဦးထွက်ရာသီမှာ လက်ခံနိုင်လောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပေမယ့် နောက်ရာသီတွေမှာတော့ အန်တိုနီက flop သွားခဲ့ပါတယ်။
Photo Credit : Football FanCast
ပြီးခဲ့တဲ့ ဘောလုံးရာသီက (၃)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အန်တိုနီဟာ ဒီရာသီမှာလည်း ယူနိုက်တက်အတွက် (၁)ဂိုးတည်းသာ သွင်းနိုင်တာကြောင့် ဆောင်းဈေးကွက်မှာပဲ ဘက်တစ်အသင်းဆီ အငှားချလိုက်ပါတယ်။ အခုတော့ အန်တိုနီက ဘက်တစ်မှာ ပြိုင်ပွဲစုံ (၄)ပွဲကစား (၃)ဂိုးသွင်း (၁)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
ကစားသမားဘဝအတွင်း တစ်ခါမှ မကျင်လည်ဖူးသေးတဲ့ စပိန်မြေမှာ အန်တိုနီက တောက်လျှောက် ခြေစွမ်းပြသလို့နေပြီး ဘက်တစ် ဆဲလ်တာဗီဂို ဆိုစီဒက်အသင်းတွေနဲ့ ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်တွေမှာ အန်တိုနီဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့လို့ ပွဲတစ်ပွဲချင်းစီရဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။
Photo Credit : TEAMtalk
ဒီရာသီထဲမှာ ယူနိုက်တက်က တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျေဒန် ဆန်ချို ၊ မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ကို ချယ်လ်ဆီး ဗီလာ ဘက်တစ်အသင်းတွေဆီ အငှားချ (ဆန်ချိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ကတော့ အပြီးသတ် ခေါ်ယူခွင့်ပါအပါ) ခဲ့ပေမယ့် အန်တိုနီ တစ်ဦးတည်းကသာ အခုလို ခြေစွမ်းတွေ ပြသနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဘက်တစ်အသင်းက ကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက် ပလေးအော့အဆင့်ပါ ကစားနေရတာဖြစ်လို့ အန်တိုနီက ဘက်တစ်ကို ကွန်းဖရန့်စ်လိဂ်မှာ ဘယ်အဆင့်ထိ တွန်းပို့ပေးနိုင်ဦးမလဲ လာလီဂါမှာရော ဥရောပဝင်ခွင့်နေရာအထိ ပို့ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။ ဘက်တစ်ဘက်က အသင်းမှာ အခုလို ခြေစွမ်းပြနေတဲ့ အန်တိုနီကို အပြီးသတ် ဒါမှမဟုတ် နောက်တစ်ရာသီခန့် အငှားနဲ့ ခေါ်ယူချင်နေပါတယ်။