ရီးယဲလ်မက်ဒရစ်အသင်းရဲ့့ ဗဟိုခံစစ်မှူး အန်တိုနီယိုရူဒီဂါက ဒီနှစ်ဘောလုံးရာသီမှ ရီးယဲလ်အသင်းဆီကို ရောက်လာခဲ့တာ ဖြစ်ပေမယ့် အသင်းမှာ မြန်မြန်ဆန်ဆန်နဲ့ အလျင်အမြန် အထိုင်ကျခဲ့ခြင်းအပေါ် အံ့အားသင့်မိကြောင်း လက်ရှိမှာလည်း ရီးယဲလ်ကစားသမားဘဝမှာ ပျော်ရွှင်နေရပြီဖြစ်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Marca

 

အသက်(၂၉)နှစ်အရွယ် ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ရူဒီဂါဟာ ဒီနှစ် နွေဈေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးကနေ ရီးယဲလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးယဲလ်မှာ အလှည့်ကျ ပါဝင်ကစားနေရလျက် ရှိပါတယ်။ ရူဒီဂါဟာ ရီးယဲလ်အတွက် လာလီဂါ (၁၁)ပွဲအတွင်း (၆)ပွဲကို ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရသလို ချန်ပီယံလိဂ် (၃)ပွဲမှာလည်း (၂)ပွဲကို ပွဲထွက်ကစားထားခဲ့ရပါတယ်။ ရူဒီဂါက ရီးယဲလ်မှာ ပွဲတိုင်းကို ပွဲထွက်ကစားသမားအဖြစ် မပါဝင်ထားရပေမယ့်လည်း သူရဲ့လက်ရှိ ရီးယဲလ်ကစားသမားဘဝကိုတော့ ပျော်ရွှင်ကျေနပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Real Champs

“ကျွန်တော်ရဲ့ စွမ်းဆောင်ရည်တွေကို ကျေနပ်မိပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို လှမ်းမျှော်ကြည့်တော့ ကျွန်တော် အခြေအနေကောင်းတစ်ခုမှာ ရှိနေတယ်လို့ ခံစားမိရတယ်။ ကျွန်တော်တို့မှာ ကြီးမားပြီး အရည်အသွေးမြင့်မားတဲ့ လူစာရင်းမျိုးကို ပိုင်ဆိုင်ထားတာဖြစ်လို့ အသင်းရဲ့ ပွဲတိုင်းမှာ ကျွန်တော် ပါဝင်ကစားဖို့ မလိုပါဘူး။ ဒီမှာ အသင်းနဲ့ မြန်မြန်ဆန်ဆန် လိုက်လျောညီထွေ ဖြစ်သွားတာကိုတော့ တကယ်အံ့သြမိတယ်။ ကျွန်တော့်ကို ကရူးစ်နဲ့ အလာဘာတို့က ကူညီပေးကြတယ်။ ကျွန်တော် ဒီမှာ အရမ်းပျော်နေပါတယ်။ ဒီကလပ်အသင်းအတွက်ကိုလည်း အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ်သွားချင်ပါတယ်” လို့ Marca သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ ရီးယဲလ်မှာ ပုံမှန်နေရာ တစ်နေရာရဖို့ မလွယ်သေးတဲ့ ရူဒီဂါဟာ ဂျာမနီအသင်းမှာတော့ ပုံမှန်နေရာကို ရရှိထားသူဖြစ်လို့ လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲပြီးသွားချိန်မှာ ရီးယဲလ်အတွက် ပုံမှန်ကစားသမား ဖြစ်နေဖို့ကို မျှော်လင့်လျက် ရှိနေပါတယ်။ ရူဒီဂါဟာ ဒီနေ့ည (၁)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားမယ့် လိုက်ပ်ဇစ်နဲ့ ရီးယဲလ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးယဲလ်အတွက် ပွဲထွက်ကစားရဖွယ် ရှိနေပါတယ်။