နယူးကာဆယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး အလန် ရှီးယားက လီဗာပူးလ်နဲ့ပွဲစဉ် ပထမပိုင်းမှာ ဗာဂျေးလ် ဗန်ဒိုက်အပေါ် ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့လို့ အနီကတ်ပြခံခဲ့ရတဲ့ အန်သိုနီ ဂေါ်ဒွန်ရဲ့လုပ်ရပ်ကို “တုံးအမိုက်မဲလွန်းတယ်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ပထမပိုင်း နာကျင်အချိန်ပိုမှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြတ်ထုတ်မှုအတွက် ကွင်းလယ်ဒိုင် ဆိုင်မွန် ဟူးပါးက ကနဦးမှာ အဝါကတ်သာ ပြသခဲ့ပေမယ့် VAR ပြန်လည်သုံးသပ်ပြီးနောက်မှာတော့ အနီကတ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်တောင်ပံကစားသမားဟာ အရှိန်ပြင်းပြင်းနဲ့ အဝေးကနေပြေးလာပြီး ဗန်ဒိုက်ရဲ့ ခြေသလုံးကို ခြေစောင်းနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းခေါင်းဆောင်ရဲ့ ခြေထောက်မှာ ဖိနပ်စတာရာတွေ အထင်းသား ကျန်ရစ်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒိုင်လူကြီး ဟူးပါးက စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းအတွင်းရှိ ပရိသတ်တွေကို “ပြန်လည်သုံးသပ်ပြီးနောက်၊ နယူးကာဆယ် နံပါတ် (၁၀)ဟာ ပြင်းထန်ပြီး အန္တရာယ်ရှိတဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့ပါတယ်။ အရှိန်နဲ့ဝင်ရောက်ခဲ့ပြီး လီဗာပူးလ် နံပါတ် (၄)ရဲ့ ခြေသလုံးကို ရှင်းရှင်းလင်းလင်း ထိခိုက်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်က နံပါတ် (၁၀)ကို အနီကတ်ပြသခြင်း ဖြစ်ပါတယ်” လို့ ကြေညာခဲ့ပါတယ်။

ကလပ်ဂန္ထဝင် ရှီးယားရားကတော့ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ သပိတ်မှောက်နေတဲ့ အလက်ဇန်းဒါး အီဆက်ခ်ရဲ့နေရာမှာ အစားဝင်ကစားနေတဲ့ ဂေါ်ဒွန်ရဲ့ လုပ်ရပ်အပေါ် အလွန်ဒေါသထွက်ခဲ့ပါတယ်။ သူက X (ယခင် Twitter) မှာ “တုံးလိုက်တဲ့ ဖြတ်ထုတ်မှုကွာ။ ဒါက တစ်ချိန်လုံး အနီကတ်ပဲ” လို့ ရေးသားခဲ့ပါတယ်။ လီဗာပူးလ်ဂန္ထဝင် ဂျေမီ ကာရေဂါကလည်း ဂေါ်ဒွန်ကို “မစဉ်းစားမဆင်ခြင်လုပ်တတ်သူ” လို့ သုံးနှုန်းခဲ့ပြီး ဆူညံပွက်လောရိုက်နေတဲ့ ကွင်းအတွင်း ပရိသတ်အငွေ့အသက်ကြောင့် စိတ်အရမ်းကြွနေခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ်။

Photo Credit : The Sun

Sky Sports မှာ အတူသုံးသပ်နေတဲ့ အာဆင်နယ်ဂန္ထဝင် သီယာရီ အွန်နရီကတော့ “ကျွန်တော်တို့ခေတ်တုန်းကဆိုရင် ဒါက ပြစ်ဒဏ်ဘော၊ ဒါမှမဟုတ် အဝါကတ်လောက်ပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်သွားတဲ့အချိန်မှာတော့ ကျွန်တော်လည်း အနီကတ်လို့ ထင်ခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလိုအခြေအနေမျိုးထဲ ဆွဲသွင်းရတာလဲ။ သူက ပွဲရဲ့အရှိန်နဲ့အတူ စိတ်ပါသွားခဲ့တယ်။” လို့ ဆိုပါတယ်။

ဂေါ်ဒွန်ဟာ အနီကတ်ပြခံရချိန်မှာ နယူးကာဆယ်ပရိသတ်တွေရဲ့ လက်ခုပ်သံတွေနဲ့ ထွက်ခွာခဲ့ရပါတယ်။ သူ့ရဲ့အနီကတ်ဟာ နည်းပြ အက်ဒီဟောင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး အီဆက်ခ်မပါဝင်နိုင်တဲ့အပြင် ဂေါ်ဒွန်ကိုပါ သုံးပွဲပယ်ပြစ်ဒဏ်နဲ့ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒုတိယပိုင်းပြန်စပြီး (၂၂)စက္ကန့်အကြာမှာပဲ တစ်ယောက်လျော့ နယူးကာဆယ်ကို ဟူဂို အီကီတီကီက ဒုတိယဂိုးသွင်းယူပြီး အခွင့်အရေးကို အသုံးချခဲ့ပါတယ်။ ဒါပေမဲ့ (၁၀)ယောက်ကျန် နယူးကာဆယ်ဟာ ဘရူနို ဂီမာရေးစ်နဲ့ ဝီလီယံ အိုဆူလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၂ ချေပနိုင်ခဲ့ပြီး တစ်မှတ်ရဖို့ မျှော်လင့်ချက်ရှင်သန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နာကျင်အချိန်ပို မိနစ် (၁၀၀)မှာ လူငယ်ကြယ်ပွင့်လေး ရီယို နူမိုဟာက လီဗာပူးလ်အတွက် အနိုင်ဂိုးသွင်းယူသွားခဲ့တာကြောင့် ဒရာမာဆန်ဆန် ၂-၃ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။