စပိန်လာလီဂါကလပ် ဂီတာဖေးရဲ့ ဥက္ကဌ ဖြစ်သူ အန်ဂျယ် တော်ရက်စ်က ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ သူတို့အသင်းဆီ အငှားနဲ့ လာရောက် ကစားရင်း ခြေစွမ်းပြ ကစားနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ဟာ ဘာစီလိုနာနဲ့ လိုက်ဖက်တဲ့ ကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ဂျမေကာ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို အသုံးပြုနိုင်သလို တိုက်စစ်ရဲ့ နေရာစုံမှာလည်း ကစားနိုင်ပါတယ်။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်တိုက်စစ်မှူး ဖြစ်ပေမယ့် အတူနေချစ်သူ ရော့ဘ်ဆန်အပေါ် ရန်ဖြစ်ရင်း လက်ပါမိခဲ့တာကြောင့် ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး အဆိုပါအမှုကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ဂီတာဖေးဆီ တရာသီအငှားချခဲ့တာပါ။

ကနဦးမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်မိသားစု ဖြစ်တဲ့ ဂလေဇာမိသားစုက အသင်းရဲ့ ပုံရိပ်ကို အထိခိုက် မခံလိုတာကြောင့် ဂရင်းဝုဒ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပေမယ့် မကြာသေးမီကမှ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဖြစ်လာသလို အားကစားရေးရာ စီမံပိုင်ခွင့်တွေ ရထားတဲ့ INEOSက အရည်အသွေးမြင့် လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ကို အသင်းဆီ ပြန်ခေါ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ စပိန်ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ ဘာစီလိုနာနဲ့ အက်သလက်တီကို မက်ဒရစ်တို့က ဂီတာဖေးနဲ့အတူ တောက်ပနေတဲ့ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဂီတာဖေးရဲ့ ဥက္ကဌ တော်ရက်စ်ကတော့ ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသူက မန်ချက်စတာ ယူနိုက်တက် ဖြစ်ကာ သူကတော့ ဂရင်းဝုဒ်ဟာ ဘာစီလိုနာနဲ့ လိုက်ဖက်တဲ့ ကစားသမားလို့ ထင်မြင်ကြောင်း ဆိုလာပါတယ်။

တော်ရက်စ်က – “ဂရင်းဝုဒ်မှာ ပြတ်သားတဲ့ စဉ်းစားတွေးခေါ်မှုတွေ ရှိပါတယ်။ သူက ကျွန်တော်တို့အသင်းမှာ သက်တောင့်သက်သာ ရှိနေသလို အသင်းအတွက် နောက်ထပ် ၁နှစ် ထပ်ကစားပေးဖို့လည်း စိတ်ဆန္ဒပြင်းပျနေပါတယ်။ ဒါပေမယ့် ဂရင်းဝုဒ်ရဲ့ အနာဂတ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ အခု ယူနိုက်တက်မှာ ပိုင်ရှင်သစ် ရှိနေပါပြီ။ ဒါကြောင့် သူတို့က ဂရင်းဝုဒ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးကြပါလိမ့်မယ်။ စပိန်မှာတော့ ဂရင်းဝုဒ်ကို ခေါ်ချင်နေတဲ့ အသင်းတွေ ရှိကြပါတယ်။ ဘာစီလိုနာရဲ့ ကစားပုံက ဂရင်းဝုဒ်နဲ့ အတော်လေး လိုက်ဖက်ပါတယ်။ ဒါပေမယ့် ပြောခဲ့သလိုပဲ ယူနိုက်တက်ကသာ ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တာပါ” လို့ ပြောကြားသွားခဲ့တာပါ။