ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်က သူတို့အသင်းဟာ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် ပဲလေ့စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့တဲ့ ပွဲစဉ်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်မှုကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် မန်ချက်စတာ စီးတီး ၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတဲ့ အသင်း ဖြစ်ပြီး သူတို့က ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) အဖြစ် ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံ ကစားခဲ့ကာ ရော်ဘတ်ဆန်ဟာ အဆိုပါပွဲမှာ ဘရက်ဒ်လေ ၊ ကိုနာတေး ၊ ဗန်ဒိုက် စတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကာ ပွဲထွက်လူစာရင်းမှာ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးက ချန်ပီယံဆု အတွက် အမှားခံလို့ မရတော့တဲ့ အနေအထားကို ရောက်နေပေမယ့် ပွဲအစပိုင်းမှာ အထလေးနေတာကြောင့် ပွဲချိန် ၁၄မိနစ်မှာ အက်ဇီးက ခရစ္စတယ် ပဲလေ့စ် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ရဖို့ အတွက် တရစပ် တိုက်စစ်ဆင်လာခဲ့ပြီး ပထမပိုင်းမှာတင် ဂိုးသွင်းနိုင်မယ့် အခွင့်အရေး ၂ကြိမ်ခန့် ရခဲ့ပေမယ့် ပဲလေ့စ်ဂိုးသမား ဟန်ဒါဆန်က လီဗာပူးရဲ့ တိုက်စစ်ဆင်မှုတွေကို အကောင်းဆုံး ကာကွယ်ပြခဲ့ပါတယ်။

အိမ်ကွင်းမှာ ရမှတ်တွေ မဆုံးရှုံးချင်တာကြောင့် လီဗာပူးနည်းပြချုပ် ကလော့ပ်က ဒုတိယပိုင်း အစမှာတင် ဒဏ်ရာရသွားတဲ့ ဘရက်ဒ်လေနဲ့ ကွင်းလယ်လူ အန်ဒိုတို့ရဲ့ နေရာတွေမှာ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ အာနိုးလ်နဲ့ ဆိုဘော့ဇလိုင်းတို့ကို ထည့်သွင်းကာ ထပ်မံ တိုက်စစ်မြှင့်ခဲ့သလို ပွဲချိန် ၆၆မိနစ်မှာလည်း ကစားအား ကျလာတဲ့ နူနက်ဇ်နဲ့ ဒီယက်ဇ်တို့ရဲ့ နေရာတွေမှာ ဂတ်ပိုနဲ့ ဂျိုတာတို့ကို ထည့်သွင်း ကစားခဲ့ပါတယ်။

 

Photo Credit: Euro Sports

အဓိက ကစားသမား အများအပြား ဝင်ရောက်လာတာကြောင့် လီဗာပူးက ဒုတိယပိုင်းမှာ ကျိန်းသေပေါက် ဂိုးရနိုင်မယ့် အခွင့်အရေး ၃ကြိမ်ထက်မနည်းကို ရခဲ့ပေမယ့် ကာတစ်ဂျုံးစ် ၊ ဂျိုတာနဲ့ ဆာလာတို့က အဆိုပါ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ပဲလေ့စ်ကို ဒူးထောက် အရှုံးပေးခဲ့ရပါတယ်။

ဒါကြောင့်ပဲ ရော်ဘတ်ဆန်က ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့တဲ့ အသင်းဖော် တိုက်စစ်မှူးတွေကို ဒေါသထွက်နေပြီး တိုက်စစ်မှူးတွေရဲ့ အပိုင်ဂိုးသွင်းခွင့်တွေကို ဖြုန်းတီးခဲ့မှုကြောင့် သူတို့အသင်းဟာ ရှုံးပွဲ ကြုံခဲ့ရတာလို့ ပွဲပြီးအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။ ရော်ဘတ်ဆန်က – “ကျွန်တော်တို့က ပွဲတွေကို အနိုင်ရချင်ရင် ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေက ပြိုင်ဘက်ရဲ့ ဂိုးပေါက်ရှေ့မှာ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြဖို့ လိုအပ်နေပါပြီ။ ဒီနေ့ကတော့ ပြီးသွားပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့ ကံမကောင်းခဲ့ပါဘူး။ အဝတ်လဲခန်းထဲမှာလည်း ပွဲကို အကောင်းဆုံး မစတင်နိုင်ခဲ့တဲ့ အတွက် နောင်တရနေကြပါတယ်။ ကျွန်တော်တို့တွေ ဒီနေ့ပွဲကို မေ့ပစ်ပြီး နောက်ပွဲအတွက် အကောင်းဆုံး ရှေ့ဆက်ဖို့ လိုပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။