ချယ်လ်ဆီးအသင်းက အစ်ပ်ဆွစ်ချ်အသင်းကနေ ပေါင် သန်း ၃၀ နဲ့ အသစ်ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူး လီယမ် ဒီလပ်ဟာ အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဒီယေဂို ကော်စတာရဲ့ နေရာကို ဆက်ခံနိုင်သူ ဖြစ်တယ်လို့ ချယ်လ်ဆီးကစားသမားဟောင်း တိုရီ အန်ဒရေ ဖလိုက ချီးကျူးပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ၂၀၂၄-၂၅ ရာသီမှာ အစ်ပ်ဆွစ်ချ်အသင်း တန်းဆင်းသွားပြီးနောက် အသက် ၂၂ နှစ်အရွယ် ဒီလပ်ရဲ့ စာချုပ်ပါ လျော်ကြေးငွေကို ပေးချေပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားခဲ့တဲ့ ဘောလုံးရာသီမှာပဲ ၁၂ ဂိုး အထိ သွင်းယူပြနိုင်ခဲ့တဲ့ ခြေစွမ်းကောင်းကို ပြသခဲ့ပါတယ်။

Photo Credit : Goal

အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကစားသမားကို ချယ်လ်ဆီးအသင်းက နာမည်ကြီး ကျောနံပါတ် ၉ ကို ပေးအပ်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးတွေအတွက် အားကိုးသွားဖို့ ပြင်ဆင်နေပါတယ်။ ခန္ဓာကိုယ်တောင့်တင်းပြီး တိုက်စစ်မှာ ပြင်းပြင်းထန်ထန်ကစားတတ်တဲ့ ဒီလပ်ကို ပရီးမီးယားလိဂ်ချန်ပီယံ ကော်စတာနဲ့ နှိုင်းယှဉ်မှုတွေအပေါ် ကစားသမားဟောင်း ဖလိုက အခုလို သုံးသပ်ခဲ့ပါတယ်။

“သူက အရည်အသွေးစုံလင်တဲ့သူပါ။ မြန်တယ်၊ နည်းစနစ်ကောင်းတယ်၊ အားမာန်လည်းပါတယ်၊ လှုပ်ရှားမှုတွေကလည်း ပါးနပ်တယ်။ ဒါပေမဲ့ သူက အစ်ပ်ဆွစ်ချ်ကနေ တန်းတက်လာတာဆိုတော့ ချယ်လ်ဆီးနဲ့ ကွာဟမှုကြီးမလားလို့ ကျွန်တော် စဉ်းစားမိတယ်။ ဒါပေမဲ့ သူ့မှာ နီကိုလပ်စ် ဂျက်ဆင်မှာတောင် မရှိတဲ့ အရည်အသွေးတချို့ ရှိနေတယ်။ သူက အချိန်ကိုက် နေရာမှန်မှာ ရှိနေတတ်တဲ့ ပါးနပ်တဲ့ လှုပ်ရှားမှုတွေ ရှိတယ်။ ဒီယေဂို ကော်စတာနဲ့ နှိုင်းယှဉ်မှုတွေကို သူခံနိုင်ရည်ရှိမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ဒါက ချယ်လ်ဆီးအတွက် အရမ်းစမတ်ကျတဲ့ ခေါ်ယူမှုတစ်ခုလို့ ကျွန်တော်မြင်တယ်။” လို့ ဆိုပါတယ်။

Photo Credit : Evening Standard

ဖလိုက တိုက်စစ်မှူးနှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုအကြောင်းကိုလည်း “ပြီးခဲ့တဲ့ရာသီက ပြဿနာက ဂျက်ဆင် ခြေစွမ်းပြခဲ့ပေမယ့် သူ့နေရာမှာ ဝင်ကစားပေးမယ့် တခြားတိုက်စစ်မှူးတစ်ယောက် မရှိခဲ့တာပဲ။ အခုတော့ သူတို့နှစ်ယောက် ဖိအားတွေကို ခွဲဝေယူနိုင်သွားပြီလို့ ကျွန်တော်ထင်တယ်။ နည်းပြက ရာသီကြိုနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲတွေမှာ သူတို့နှစ်ယောက်လုံးကို အခွင့်အရေးပေးပြီး အကဲဖြတ်သွားမှာပါ” လို့ သုံးသပ်ခဲ့ပါတယ်။

လက်ရှိ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီလပ်ဟာ ချယ်လ်ဆီးအတွက် ပွဲဦးထွက်ကစားခွင့် ရရှိထားချိန်မှာပဲ နီကိုလပ်စ် ဂျက်ဆင်ကတော့ နောက်ထပ် အနီကတ်တစ်ကတ်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ဒါကြောင့် နည်းပြသစ် အန်ဇို မာရက်စကာအတွက် အသင်းရဲ့တိုက်စစ်ကို ဘယ်သူ့ကို ဗဟိုပြုမလဲဆိုတာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရတော့မှာ ဖြစ်ပါတယ်။