စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဘာစီလိုနာကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံ ကစားခဲ့ရာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် ဘာစီလိုနာဟာ နိုင်ပွဲနဲ့ မထိုက်တန်သလို သူတို့အသင်းက ဘာစီလိုနာကို ကောင်းရှုံးကြီး ရှုံးခဲ့ရတာပါလို့ ငြီးတွားသွားခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း နှစ်သင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြပြီး သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ အယ်ကလပ်စီကို ဒါဘီပွဲတိုင်းကလည်း အကြိတ်အနယ် ရှိတတ်ပါတယ်။

Photo Credit: Keep Up

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာလည်း နှစ်သင်းစလုံးက တဖက်နဲ့ တဖက် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်နဲ့ ကစားသွားခဲ့ကြပြီး အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ဧည့်သည် ဘာစီလိုနာကို ပွဲစပွဲဆုံး ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ဆင်မှုတွေက ဘာစီလိုနာရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။

ဇာဗီရဲ့ ဘာစီကတော့ ဒီနေ့ပွဲမှာ ခါတိုင်းပွဲတွေနဲ့ မတူပဲ ခံစစ်ကို ဦးစားပေး ဆော့သွားခဲ့ပြီး အဝေးကွင်းမှာ ဂိုးရဖို့ထက် ဂိုးမပေးရဖို့သာ အာရုံစိုက်ထားတာကို မြင်တွေ့ခဲ့ရကာ ဘာစီလိုနာ အတွက် အဖိုးတန် အနိုင်ဂိုးက ပွဲချိန် ၂၆မိနစ်မှာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကနေ တဆင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Keep Up

ရီးရဲလ်မက်ဒရစ် ၀-၁ ဘာစီလိုနာ ပွဲစဉ်မှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်း အထိ ရခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့် ၁၃ကြိမ် အထိ ရခဲ့ပေမယ့် သွင်းဂိုးတွေ မရှာဖွေနိုင်ခဲ့ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြ အန်ဆလော့တီကတော့ သူတို့အသင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့် ဘာစီလိုနာကို မရှုံးသင့်ပဲ ရှုံးနိမ့်ခဲ့ရတာလို့ ဆိုလာပါတယ်။

အန်ဆလော့တီက – “ကျွန်တော်တို့ရဲ့ ကစားပုံက ကောင်းခဲ့ပါတယ်။ ဘာစီလိုနာက ကျွန်တော်တို့နဲ့ မကစားချင်တဲ့ ပုံစံမျိုးတောင် ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ ရောက်သွားရင် ကစားပုံ မကောင်းတော့တဲ့ ပြဿနာကို ကြုံခဲ့ရပါတယ်။ ရှုံးပွဲအတွက် နာကျင်ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သာ ဒီခြေစွမ်းအတိုင်း ဒုတိယအကျော့မှာ ကစားနိုင်မယ် ဆိုရင် ဗိုလ်လုပွဲဆီ တက်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ကစားချင်တဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့ကို ဖိအားပေး ကစားတယ်။ တချိန်လုံး အရှိန်အဟုန်နဲ့ ကစားခဲ့ပါတယ်။ ကျွန်တော်တို့က ဂိုးမရခဲ့တာပဲ ရှိတာပါ။ ဘာစီလိုနာကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးမျိုး ရခဲ့တာ မဟုတ်ပါဘူး။ သူတို့က ပြန်ကန်ထွက်လာတဲ့ ဘောလုံးကြောင့်သာ ကံကောင်းပြီး ဂိုးရသွားခဲ့တာပါ။ ကျွန်တော်တို့မှာ ဒီရှုံးပွဲကို ပြောင်းပြန် လှန်ပစ်နိုင်တဲ့ နောက်ထပ် မိနစ် ၉၀ ကျန်ပါသေးတယ်။ ကျွန်တော်တို့က ဒီနေ့မှာ အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ရှုံးပွဲနဲ့လည်း မထိုက်တန်ပါဘူး။ ဘာစီလိုနာမှာ ကစားရမယ့် နောက်ထပ် မိနစ် ၉၀ အတွင်းမှာ ကျွန်တော်တို့က သွင်းဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။