မနေ့ညက ဆော်ဒီမြေမှာ ကျင်းပသွားခဲ့တဲ့ စပိန် စူပါဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာက မဟာပြိုင်ဘက် ရီးယဲလ် မက်ဒရစ်အသင်းကို (၅)ဂိုး (၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး စပိန် စူပါဖလားပြိုင်ပွဲတစ်လျှောက် ဆုဖလား အရေအတွက် (၁၅)ကြိမ်နဲ့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက် ရပ်တည်သွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးယဲလ်တို့လို အယ်လ်ကလက်စီကို ပွဲစဉ်ဖြစ်လို့ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရပြီး ပွဲစစချင်းမှာပဲ ကီလီယန် အမ်ဘာပေက ရီးယဲလ်အတွက် ဦးဆောင်ခဲ့ပေမယ့် ဘာစီလိုနာဘက်က ပထမပိုင်းမှာ (၄)ဂိုးအထိ ပြန်လည် သွင်းယူခဲ့သလို ဒုတိယပိုင်းအစမှာလည်း (၅)ဂိုးမြောက် သွင်းယူခဲ့ပြီး ဂိုးသမား ဆက်ဇနီ အထုတ်ပြီးမှသာ ရီးယဲလ်က ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

မဟာပြိုင်ဘက် ထိပ်သီးအသင်းကြီး အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်မှာ အခုလို အခြေအနေဆိုးကြီးအထိ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားပေမယ့် ရီးယဲလ်ရဲ့ ခံစစ်တန်းက အတော်လေး စိတ်ပျက်စရာကောင်းနေခဲ့သလို ကစားသမားတစ်ယောက် အသာရသွားချိန်မှာလည်း ပြိုင်ဘက်ကိုပါ ဖိအားမပေးနိုင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။

တကယ်လို့ ရီးယဲလ်သာ ဒီဖလားကို ရယူနိုင်မယ်ဆိုရင်တော့ ၂၀၂၄-၂၅ ဘောလုံးရာသီထဲ တတိယမြောက် ဆုဖလားအထိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပေမယ့်လည်း ဒီတစ်ရာသီတည်းမှာပဲ ဘာစီလိုနာကို လာလီဂါမှာ (0-4) အခု စူပါဖလားမှာပါ (2-5) နဲ့ နှစ်ပွဲဆက်တိုက် မရှူမလှ ရှုံးပွဲဆက်ခဲ့ရပါတယ်။

Photo Credit : RMC Sports

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက “ဒီလိုပွဲတွေမှာ အနိုင်ရဖို့အတွက် ခံစစ်တန်းကို သေချာ ကစားရပါမယ်။ ဘာစီလိုနာက ကျွန်တော်တို့ထက် ခံစစ်ကစားတာ ပိုကောင်းလို့ နိုင်ပွဲနဲ့လည်း ထိုက်တန်ပါတယ်။ အသင်းက ကြည့်လို့မကောင်းခဲ့ပေမယ့် ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ လက်ညိုးထိုး အပြစ်တင်နေမှာ မဟုတ်ဘူး။”

“ကျွန်တော်တို့က ဒီပွဲမှာ အသင်းလိုက်ရော တစ်ဦးချင်းပါ ညံ့ဖျင်းခဲ့ပေမယ့် ဒီပွဲမှာ ကောင်းခဲ့တာဆိုလို့ ကီလီယန် အမ်ဘာပေပဲ ရှိပါတယ်။ အမ်ဘာပေက ဒီပွဲမှာ သေချာလေး ကောင်းကောင်း ကစားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။