ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူတို့အသင်းအနေနဲ့ အယ်လ်တီဟတ်ကွင်းမှာ အိမ်ရှင် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ယူကျော်ဖြတ်မယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ရီးယဲလ်နဲ့ မန်စီးတီးအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏဆိုသလို ထိပ်တိုက် တွေ့ဆုံတက်တဲ့ အသင်းတွေဖြစ်ပြီး အခုလည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ (၃)နှစ်ဆက်တိုက်အဖြစ် တိုက်တိုက်ဆိုင်ဆိုင်နဲ့ တွေ့ဆုံနေရပါတယ်။

Photo Credit : Forbes

ဆန်တီယာဂို ဘာနေဗျူးကွင်းမှာ ပထမအကျော့ ရင်ဆိုင်ခဲ့ရတုန်းကတော့ ရီးယဲလ်နဲ့ စီးတီးတို့က တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျထားခဲ့ပြီး အတော်လေးကို ဖျော်ဖြေမှုပေးခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သလို သွင်းဂိုးတွေဟာလည်း အတော်လေး အဆင့်အတန်း မြင့်မားခဲ့ပါတယ်။

ဒုကျော့က မန်ချက်စတာက အယ်လ်တီဟတ်ကွင်းမှာ ကစားရမှာဖြစ်ပြီး မှတ်တမ်းတွေအရ ရီးယဲလ်ဟာ အယ်လ်တီဟတ်မှာ အိမ်ရှင်စီးတီးကို တစ်ကြိမ်တစ်ခါမှ အနိုင်မယူဘူးပဲ အမြင့်ဆုံး သရေရလဒ်သာ ယူဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း စီးတီးအနေနဲ့ အခု ဒုကျော့ပွဲမှာ အိမ်ကွင်းရလဒ် အားသာချက် အပြည့် ရှိနေရပါတယ်။

Photo Credit : Marca

ဒါပေမယ့် ရီးယဲလ်နည်းပြကြီး အန်ဆယ်လော့တီကတော့ “ပြီးခဲ့တဲ့ရလဒ်တွေကို ပြန်ကြည့်စရာ မလိုပါဘူး။ အခုပွဲစဉ်မှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော် အရမ်းကို ယုံကြည်မှု ရှိနေပါတယ်။ ကျွန်တော့်ကစားသမားတွေကိုလည်း ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့တွေ အရမ်းကောင်းတဲ့ အခိုက်အတန့်မှာ ရောက်ရှိနေပါတယ်။”

“ကစားသမားတွေကို အသင်းအတွက် အကောင်းဆုံး အစွမ်းကုန် ကူညီပေးသွားကြဖို့လည်း ကျွန်တော် တိုက်တွန်းထားပါသေးတယ်။ ကျွန်တော်တို့အသင်းက လာလီဂါမှာလည်း ပေးဂိုးအနည်းဆုံးအသင်း ဖြစ်နေတယ်ဆိုတာက ကစားသမားတွေအကုန် ညီညီညွတ်ညွတ်နဲ့ အသင်းကို ကူညီနေတယ်ဆိုတာ မြင်သာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။