စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ပြိုင်ဘက် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်ဆင်မှုတွေကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့တဲ့ ဂိုးသမား လူနင်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ လူငယ် ကစားသမားတွေနဲ့ ခြေစွမ်းတက်နေတဲ့ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင် တွေ့ခဲ့ပြီး ယနေ့မနက်မှာတော့ လိုက်ပ်ဇစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ပထမအကျော့ အဖြစ် ဂျာမန်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

Photo Credit: Euro Sports

လိုက်ပ်ဇစ်ရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် ဧည့်သည် ရီးရဲလ်မက်ဒရစ်က ဂိုးမပေးရဖို့ကိုသာ အာရုံစိုက် ကစားသွားခဲ့ပြီး အိမ်ရှင် လိုက်ပ်ဇစ်ကတော့ နိုင်ပွဲ ရဖို့ အတွက် ပွဲစပွဲဆုံး ရီးရဲလ်မက်ဒရစ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ပါတယ်။

အဆိုပါပွဲမှာ လိုက်ပ်ဇစ်က ဂိုးပေါက်ကန်သွင်းခွင့် ၁၄ကြိမ် အထိ ရခဲ့သလို ၃ကြိမ်က ဂိုးရဖို့ သေချာတဲ့ အခွင့်အရေးတွေ ဖြစ်ခဲ့ပေမယ့် ကော်တွိုက်စ် မရှိချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဂိုးပေါက်ကို ကာကွယ်နေရတဲ့ အရန်ဂိုးသမား လူနင်က လိုက်ပ်ဇစ် ကစားသမားတွေရဲ့ ကန်ချက်တွေကို စွမ်းစွမ်းတမံ ကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ဂိုးမရခဲ့ပဲ ရီးရဲလ်မက်ဒရစ် အတွက် တလုံးထဲသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၄၈မိနစ်မှာ ဒီယက်ဇ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Standard

လိုက်ပ်ဇစ် ၀-၁ ရီးရဲလ်မက်ဒရစ် ပွဲအပြီးမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြချုပ် အန်ဆလော့တီက လိုက်ပ်ဇစ် ကစားသမားတွေရဲ့ ကန်ချက်တွေကို ကာကွယ်ပေးခဲ့တဲ့ ဂိုးသမား လူနင်ကို ချီးကျူးသွားခဲ့ပြီး ဒီနေ့မှာ သူ မြင်တွေ့ခဲ့ရတဲ့ လူနင်ရဲ့ လက်စွမ်းဟာ အကောင်းဆုံး လက်စွမ်းပဲလို့လည်း အမွှန်းတင်ခဲ့ပါတယ်။

အန်ဆလော့တီက – “ဒီနေ့ပွဲမှာ လူနင်ရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကောင်းပါတယ်။ ဒီနေ့ပွဲမှာ လူနင် ပြခဲ့တဲ့ လက်စွမ်းက ကျွန်တော် မြင်တွေ့ဖူးသမျှ လူနင်ရဲ့ လက်စွမ်းတွေထဲမှာ အကောင်းဆုံးပါပဲ” လို့ ပြောကာ လူနင်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။