စပိန် လာလီဂါ ဘောလုံးရာသီသစ်ရဲ့ ပွဲဦးထွက် ကာလအတွင်းမှာ ခြေစွမ်းပြသနေတဲ့ ရီးယဲလ် မက်ဒရစ် ကစားသမားသစ်လေး ဂျူဒ့် ဘယ်လင်ဟမ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ရီးယဲလ် နည်းပြကြီး အန်ဆယ်လော့တီက ချီးကျူး ပြောဆိုလာခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် ကွင်းလယ် ကစားသမား ဘယ်လင်ဟမ်ဟာ ဒီနွေမှ ဒေါ့မွန်ကနေ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့​ကြေး ယူရို (၁၀၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဘာမင်ဂမ် စီးတီးအသင်းမှာ စီနီယာ ကစားသနားဘဝကို စတင်ခဲ့ပြီး ဆယ်ကျော်သက် အရွယ်မှာပဲ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ဆင်နွဲခဲ့ရတဲ့ ဘယ်လင်ဟမ်က အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်း တစ်သင်းမှာလည်း ပါဝင် ကစားနေရပြီ ဖြစ်သလို တာထွက်မှာလည်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

ဘီလ်ဘာအိုအသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ဒီရာသီရဲ့ လာလီဂါ အဖွင့်ပွဲမှာ ပထမဆုံးသွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ မနေ့ညက အယ်မယ်ရီယာအသင်းနဲ့ ရင်ဆိုင်ခဲ့ရမှာလည်း ရီးယဲလ်အတွက် ဂိုး (၂)ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဗင်နီစီယပ်စ်ရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို စွမ်းဆောင်ရည်တွေ ပြသနေတဲ့ ဘယ်လင်ဟမ်နဲ့ ပတ်သက်ပြီး ရီးယဲလ် နည်းပြကြီး အန်ဆယ်လော့တီက “ဂျုဒ့်က လာလီဂါပြိုင်ပွဲနဲ့ရော ကျွန်တော်တို့အသင်းရဲ့ ကစားဟန်နဲ့ပါ ကောင်းကောင်းကြီးကို အံ့ဝင်ခွင်ကျ ဖြစ်နေခဲ့တာ။ သူက တမူထူးခြားတဲ့ ကစားသမားတစ်ဦးပါ။” လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်က ကွင်းလယ်လူ ဖြစ်ပေမယ့်လည်း လက်ရှိမှာ သွင်းဂိုး (၃)ဂိုးထိ သွင်းယူထားနိုင်ခြင်းကြောင့် ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး စာရင်းမှာ ထိပ်ဆုံးကို ရောက်ရှိနေရပြီး ရီးယဲလ်အနေနဲ့ကလည်း ဘယ်လင်ဟမ်အတွက် ယူရို သန်း (၁၀၀)ကျော်အထိ အသုံးပြုခဲ့ရတာ တကယ်ကို ထိုက်တန်သွားခဲ့ပြီလို့ ယူဆနိုင်ပါတယ်။