ရီးယဲလ် မက်ဒရစ်အသင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက်ပလေးအော့ ပွဲစဉ်မတိုင်ခင်မှာပဲ သူတို့အသင်းဟာ အရေးပေါ် အခြေအနေမှာ ရောက်ရှိနေရတယ်လို့ ရီးယဲလ်နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ဝန်ခံ ပြောကြားလိုက်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံလည်းဖြစ် အအောင်မြင်ဆုံးအသင်းလည်းဖြစ်တဲ့ ရီးယဲလ်အသင်းဟာ ဒီရာသီမှာ ပုံစံသစ်နဲ့ ပြောင်းလဲကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အဆင့် 1 to 8 အတွင်း မဝင်နိုင်ခဲ့ဘဲ 9 to 24 အတွင်းသာ ရပ်တည်နိုင်ခဲ့တာကြောင့် ပုံစံသစ်အရ ရှုံးထွက်ပလေးအောင့်အဆင့်ကို ကစားသွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ရီးယဲလ်က ဒီနောက်ပိုင်း ချန်ပီယံလိဂ်မှာဆိုရင် မန်စီးတီးအသင်းနဲ့ မကြာခဏ ဆုံတွေ့ရလေ့ရှိပြီး အခုလည်း ရှုံးထွက်ပလေးအော့အဆင့်မှာပါ league phase နောက်ဆုံးပွဲအထိ မနည်းရုန်းလိုက်ရတဲ့ မန်စီးတီးနဲ့ပဲ ထပ်မံ ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ရီးယဲလ်အနေနဲ့ မန်စီးတီးကို ကျော်ဖြတ်နိုင်မှပဲ ရှုံးထွက် (၁၆)သင်းအဆင့်ဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးယဲလ်အသင်းက အဓိက နောက်ခံကစားသမားတွေဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အလာဘာတို့က ဒဏ်ရာ ပြဿနာတွေကြောင့် (၃)ပတ်ခန့်လောက်အထိ နားရတော့မှာ ဖြစ်တဲ့အတွက် ဒီနောက်ခံလူ နှစ်ဦးလုံးဟာ မန်စီးတီးနဲ့ နှစ်ကျော့လုံးကို လွဲချော်သွားရဖွယ် ရှိနေရပါတယ်။

Photo Credit : Goal

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြကြီး အန်ဆယ်လော့တီက “ကျွန်တော်တို့ အရေးပေါ် အခြေအနေမှာ ရှိနေပါတယ်။ ရူဒီဂါနဲ့ အလာဘာတို့က ရက်(၂၀)ကြာ ကစားခွင့် မရှိတော့ပါဘူး။ ဗဟိုခံစစ်ပိုင်းမှာ ဂျာကိုဘို ရာမွန်၊ ရာအူးလ် အဆန်စီယိုနဲ့ ချူအာမန်နီတို့ပဲ ရွေးချယ်စရာ ရှိနေပါတော့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ တစ်ရာသီလုံးမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရပြီး အက်ဒါ မီလီတာအိုနဲ့ ဒန်နီ ကာဗာဟယ်တိိုု့ဆိုရင်လည်း အောက်တိုဘာနဲ့ နိုဝင်ဘာလတွေတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ကာလရှည် အနားယူနေရပါတယ်။ အခုလည်း ခံစစ်မှာ ဒဏ်ရာရ ကစားသမားတွေ များလာပြန်တဲ့ ရီးယဲလ်က အသက်လက်တီကိုနဲ့ လာလီဂါ ပြီးတာနဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲတို့ကို ဆက်တိုက် ကစားရမှာက သူတို့အတွက် အတော်လေး စိန်ခေါ်မှု ဖြစ်နေပါလိမ့်မယ်။