မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ လက်ရှိ အသင်းမှာ ကစားသမား အရေအတွက် ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးအထိ ရောက်ရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာပြီး ပွဲဦးထွက် ရာသီမှာပဲ ခါရာဘောင်း လိဂ်ဖလားနဲ့အတူ အမှတ်ပေးဇယားမှာပါ အဆင့် (၃)နေရာထိ ရပ်တည်နိုင်အောင်ခဲ့ပြီး သူ့အတွက် အောင်မြင်တဲ့ တာထွက်တစ်ခု ဖြစ်ခဲ့ရပါတယ်။

Photo Credit : talkSPORT

ဒါပေမယ့်လည်း တန်ဟက်ဂ် ယူနိုက်တက်ကို စတင် ကိုင်တွယ်ချိန်ကတည်းက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အဆင်မပြေမှုတွေ ရှိခဲ့ရသလို နောက်ပိုင်းမှာလည်း ဂျေဒန် ဆန်ချို ၊ ရာဖယ်လ် ဗာရန်းတို့နဲ့ပါ ဆက်ဆံရေးပိုင်းတွေ ဆိုးရွှားလာခဲ့ရပါတယ်။

ဒီလို ကစားသမားတွေနဲ့ အဆင်မပြေ ဖြစ်လာရတဲ့ တန်ဟက်ဂ်ဟာ အသင်းမှာ ကစားကွက်ပါ မယ်မယ်ရရ ပုံဖော်နိုင်ခြင်း မရှိတော့ပဲ အသင်းရလဒ်တွေဟာလည်း တစ်ဖြည်းဖြည်းနဲ့ အခြေအနေ ဆိုးလာခဲ့ပါတယ်။ ဒါတွေကြောင့်ပဲ တန်ဟက်ဂ်ရဲ့ ယူနိုက်တက် နည်းပြရာထူးဟာလည်း လှုပ်ခတ်စပြုလာခဲ့ရပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းက တန်ဟက်ဂ်လက်ထက် ပရီးမီးယားလိဂ် Top 9 အသင်းတွေနဲ့ အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်တွေ လုံးဝ ဆိုးရွှားထားခဲ့ရပြီး အခုရာသီမှာဆိုရင်လည်း စပါး အာဆင်နယ် နယူးကာဆယ်တို့ကို ရှုံးနိမ့်ထားခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ် နဲ့ ကိုပင်ဟေဂင်တို့ကို အရေးနိမ့်ထားပါတယ်။

အခုလည်း ယူနိုက်တက်ဟာ အခုလအတွင်းမှာပဲ ချယ်လ်ဆီး ဘုန်းမောက် ဘိုင်ယန် လီဗာပူးလ် ဝက်စ်ဟမ်း ဗီလာ နော်တင်ဟမ်တို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ဘိုင်ယန် လီဗာပူးလ် ဝက်စ်ဟမ်း ဗီလာ အဲ့ဒီအသင်းတွေနဲ့ တောက်လျှောက် ရင်ဆိုင်ရမယ့် ပွဲစဉ်တွေမှာ တန်ဟက်ဂ်ရဲ့ အနာဂတ်အတွက် အဖြေတစ်ခုခု ပေါ်သွားနိုင်တယ်လို့ပါ ခန့်မှန်း သုံးသပ်လာကြပါတယ်။